ဘိုင်ယန်မြူးနစ်နဲ့ အင်္ဂလန် တိုက်စစ်မှူး ဟယ်ရီကိန်းက ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို စပါးအသင်း ဦးဆောင်နေတာ မြင်ရခြင်းအတွက် ကျေနပ် ပျော်ရွှင်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။
ဒီနွေမှာ လန်ဒန်ကလပ်ကနေ ဘိုင်ယန်မြူးနစ်ထံ ပေါင် သန်း ၁၀၀ ဖြင့် ပြောင်းရွှေ့သွားတဲ့ တိုက်စစ်မှူးဟာ အခုချိန်ထိ အသင်းဟောင်းအပေါ် သံဃောဇဉ် ရှိနေဆဲ ဖြစ်ပါတယ်။
ဇယားထိပ်မှာ စပါးရှိနေခြင်းအတွက် ကိန်းက “ မြင်လို့ကောင်းတာပေါ့။ အရင်ကလည်း ပြောဖူးပါတယ်။ မန်နေဂျာက နည်းလမ်းကောင်းတွေ လမ်းညွှန်နေပါတယ်။ ပရိသတ်တွေကလည်း အသင်းနောက်မှာ ရှိနေပေးကြတယ်။ ဒါမျိုး အရင်နှစ်တွေတည်းက လိုအပ်နေခဲ့တာပါ။
စပါးရဲ့ အခြေအနေနဲ့ ပရီးမီးယားလိဂ်ကို ကျနော် အမြဲတမ်း စောင့်ကြည့်နေပါတယ်။ ဘောလုံးရာသီ အရှည်ကြီး ရှိနေပေမယ့်လို့ ပရိသတ်တွေအနေနဲ့ စိတ်လှုပ်ရှား စောင့်ကြည့်နေသင့်ပါတယ်။ မြင်နေရတာတွေအတွက်လည်း အရမ်းပျော်တယ်။
ကစားသမားဘဝ တစ်ခုလုံး တော်တင်ဟမ်မှာ ရှိနေခဲ့တဲ့ အသင်း ပရိသတ်အဖြစ် အသင်း အရမ်းအဆင်ပြေနေတာကို မြင်ရတာ ပျော်မိပါတယ်။ ပရီးမီးယားလိဂ်မှာ ကျနော် အအောင်မြင်စေချင်ဆုံး အသင်းက တော်တင်ဟမ်ပါပဲ ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
လက်ရှိမှာ စပါးအသင်းဟာ အာဆင်နယ်နဲ့ ပွဲတူ ရမှတ်တူဖြစ်ကာ သွင်းဂိုး ပိုများထားတာကြောင့် ဇယားထိပ်မှာ ရှိနေတာပါ။ စပါးအသင်းဟာ ရလဒ်ကောင်းတွေကို အချိန်ဘယ်လောက်ကြာကြာ ဆက်ထိန်းနိုင်မလဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
