အာဆင်နယ်နဲ့ ချယ်ဆီး နှစ်သင်းကြား ကွာခြားမှု၊ ဘာလို့ ဒီပွဲစဉ်က စိတ်လှုပ်ရှားစရာ ဖြစ်နေလဲ ပိုချက်တီနို ပြောလာပါပြီ

နိုင်ငံတကာသီတင်းပတ်အပြီး ပထမဆုံး ပြန်ကစားမယ့် ပွဲစဉ်တွေအတွင်း အာဆင်နယ်နဲ့ ချယ်ဆီးတို့ ထိပ်တိုက်တွေ့တဲ့ လန်ဒန်ဒါဘီပွဲလည်း ပါဝင်နေပါတယ်။

ကလပ်နှစ်သင်းဟာ လက်တလောမှာ အခြေအနေ ကွာခြားနေပြီး အာဆင်နယ်က အကောင်းဆုံး ခြေစွမ်းတွေနဲ့အတူ ဇယားထိပ်မှာ ရှိနေချိန် ချယ်ဆီးကတော့ ပုံစံကောင်းနဲ့ နိုင်ပွဲတွေရဖို့ အတော်လေး ရုန်းကန်နေရတာပါ။

သို့ပေမယ့်လို့ ဆုဖလားတွေကို စတင်စိန်ခေါ်နေပြီဖြစ်တဲ့ အာဆင်နယ်ကို ကောင်းကောင်းကြီး ယှဉ်ပြိုင်ဖို့ဟာ ချယ်ဆီးလုပ်ရမယ့် စိန်ခေါ်မှု ဖြစ်လာကြောင်းနဲ့ ဒီဖီလင်ကို အတော်လေး သဘောကျတယ်လို့ ချယ်ဆီးနည်းပြက ပြောလာပါတယ်။

အာဆင်နယ်ကို ရင်ဆိုင်ရမှာအတွက် ဘာက စိတ်လှုပ်ရှားစေသလဲဆိုတဲ့ မေးခွန်းအတွက် ချယ်ဆီးအသင်း ဝဘ်ဆိုဒ်ကနေ ပိုချက်တီနိုက

‘ အာဆင်နယ်က ရင်ဆိုင်ကစားဖို့ရာ သိပ်ကောင်းတဲ့ အသင်းပါ။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း သူတို့က အသင်းကောင်း တစ်သင်းကို တည်ဆောက်လာနိုင်ခဲ့တယ်။ အာဆင်နယ်မှာ အာတီတာလို နည်းပြကောင်းရှိတယ်၊ သူက သူငယ်ချင်းကောင်းဆိုလည်း ဟုတ်ပါတယ်။

အာဆင်နယ်က အကောင်းဆုံး လုပ်နေပြီး ကိစ္စကြီးတွေကို စိန်ခေါ်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ဒါကြောင့်ပဲ သူတို့လို အသင်းကို ရင်ဆိုင်ကစားရမှာ အတော်လေး စိတ်လှုပ်ရှားစရာ ဖြစ်နေတာပါ။

ကျနော်တို့က မတူညီတဲ့ တိုးတက်မှု အခြေအနေတွေမှာ ရှိနေပြီး အချိန်အခါနဲ့ အနေအထားချင်း ခြားနားပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးကတော့ သိပ်ကောင်းနေတဲ့ အာဆင်နယ်ကို ကျနော်တို့ ပိုရင့်ကျက်တဲ့ ပုံစံနဲ့ ယှဉ်ပြိုင်နိုင်စွမ်း ရှိဖို့ပါပဲ ’ လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

စတမ်းဖိုဒ့်ဘရစ်ချ်မှာ ယှဉ်ပြိုင်ရမယ့် လန်ဒန်ဒါဘီပွဲကို အနိုင်ရခဲ့မယ်ဆိုရင် ချယ်ဆီးဟာ ဇယားထိပ်နားက အာဆင်နယ်နဲ့ ရမှတ် ကွာဟမှုကို ၆ မှတ်ထိ လျော့ချနိုင်မှာပဲ ဖြစ်ပါတယ်။