ရိုက်စ်ကို ဘယ်လို ထား ကစားရင် ပိုကောင်းမလဲ အကြံပြု ထောက်ပြသွားတဲ့ ဖာဘရီဂတ်စ်

အာဆင်နယ် ကစားသမားဟောင်းကြီး ဖာဘရီဂတ်စ်ဟာ ကွင်းလယ်လူ ဒီကလန်ရိုက်ကို နည်းစနစ်ပိုင်းအရ ထား ကစားဖို့ သင့်လျော်တဲ့ နေရာအကြောင်း ထုတ်ပြောလာပါတယ်။

ရိုက်စ်ကို နံပါတ် ၆ နေရာ ပုံသေထားပြီး ကစားစေတာမျိုးထက် အခါအခွင့်သင့်ရင် ဘောလုံး ပို ကိုင်ကစားစေပြီး တိုက်စစ် လိုက်စေတာမျိုး လုပ်ခွင့်ပေးဖို့ ဖာဘရီဂတ်စ်က အကြံပေး တိုက်တွန်းခဲ့တာပါ။

” ရိုက်စ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ သိပ်ကောင်းမှုဟာ ကွင်းထဲမှာ နေရာအများကြီးကို ကာဗာပေးနိုင်ဖို့ အကူအညီဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အားပြုစေပြီး နံပါတ် ၆ နေရာ တစ်ဦးတည်း ကစားစေတာက သူ့ရဲ့ လုပ်နိုင်စွမ်းကို အများကြီး ဆုံးရှုံးစေပါတယ်။

သူက ဘောလုံးနဲ့အတူ တိုးတက်လာပါတယ်။ အခုချိန်မှာ သူက နောက်ဆုံး ဘောလုံးတွေကိုလည်း ပေးနိုင်စွမ်း ရှိလာနေတယ်။ ရိုဒရီလိုပဲ ဧရိယာထိပ်နားတွေ တက်ကစားနိုင်စွမ်း ရှိနေပါတယ်။

ချန်ပီယံလိဂ် ဖိုင်နယ်မှာတုန်းက ရိုဒရီဟာ အဲ့လို ဧရိယာထိပ်ထိ တက်ကစားပြီး ဂိုးသွင်းခဲ့ပါတယ်။ ရိုက်ကလည်း ရိုဒရီလို လုပ်ပြနိုင်တဲ့ အရည်အချင်းမျိုး ရှိပါတယ် ” လို့ ဖာဘရီဂတ်စ်က ထောက်ပြသွားခဲ့တာ ဖြစ်ပါတယ်။

သောမတ်စ် ပါတေး ဒဏ်ရာရနေတာမို့ ရိုက်စ်ဟာ ကွင်းလယ် အတွင်းလူနေရာမှာ ပုံမှန် ကစားနေပါတယ်။ အခု ပါတေး ပြန်လာပြီမို့ ရိုက်စ်ကို တိုက်စစ် ပိုမို လိုက်ပါခွင့်ပေးဖို့ အချိန်ကျလာနေပြီ ဖြစ်ပါတယ်။