စီးတီးရဲ့ ကွင်းလယ် ပစ်မှတ်၊ ဆာလာကို ထပ်ကြိုးစားမည်၊ ရှယ်ယာ ရောင်းတော့မယ့် ယူနိုက်တက်နဲ့ နောက်ဆုံးရ ဘောလုံး သတင်းတိုများ

ကွင်းလယ်ပိုင်း အင်အားဖြည့်ဖို့ လိုအပ်တဲ့ မန်စီးတီးဟာ လိုက်ဇစ်အသင်းမှ စပိန်သား ကွင်းလယ်လူ အော်မိုကို ကလပ်ရဲ့ အဓိက ပစ်မှတ်စာရင်းထဲ ထည့်သွင်းထားပါတယ်။

ဆော်ဒီလိဂ် ကလပ်တွေဟာ လီဗာပူး တိုက်စစ်မှူး ဆာလာကို ခေါ်ယူလိုနေဆဲဖြစ်ကာ ဇန်နဝါရီမှာ ကမ်းလှမ်းမှု ထပ်မံ ပြုလုပ်မယ့် အရိပ်အယောင်တွေ မြင်နေရပါတယ်။

လီဗာပူးအသင်းဟာ မိုဆာလာနေရာ အစားထိုးဖို့အတွက် ဦးစားပေး ပစ်မှတ်အဖြစ် ဘိုင်ယန်မြူးနစ် တိုက်စစ်သမား ဆာနေးကို ချိန်ရွယ်ထားပါတယ်။ ဆာနေးရဲ့ စာချုပ်ထဲမှာတော့ အနာဂတ် အပြောင်းအရွှေ့ ဖြစ်ခဲ့ရင် မန်စီးတီးအသင်းက ၁၀% ခံစားခွင့် ပါဝင်ပါတယ်။

ကာတာ အုပ်စုက နောက်ဆုတ်သွားတဲ့နောက် မန်ချက်စတာ ယူနိုက်တက် ပိုင်ရှင်တွေဖြစ်တဲ့ ဂလေဇာ မိသားစုဟာ သူတို့အသင်းရဲ့ ရှယ်ယာ ၂၅% ကို ရက်ကလစ်ထံ ရောင်းချသွားမှာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဇန်နဝါရီမှာ ကွင်းလယ်လူ တော်မီနေးကို ရောင်းချသွားမှာ မဟုတ်ဘဲ အပြောင်းအရွှေ့ သတင်းတွေကို ငြင်းဆန်လိုက်ပါတယ်။

ဘာစီလိုနာက ဇန်နဝါရီမှာ ဆန်ချို ကို အငှား ခေါ်ယူလိုပေမယ့် ကစားသမားက လုပ်ခလစာ လျှော့ယူ စေလိုနေပါတယ်။

ဘောလုံးအကြောင်း ပိုမို နားလည်လာဖို့ မန်စီးတီး၊ အာဆင်နယ်နဲ့ ဘရိုက်တန်တို့ရဲ့ ကစားဟန်ကို စောင့်ကြည့် လေ့လာသင့်ကြောင်း ဖာဘရီဂတ်စ်က အကြံပေးလိုက်ပါတယ်။

ချန်ပီယံရှစ်ကလပ် ဆွမ်ဆီးအသင်းမှာ အငှားထွက်ကစားနေတဲ့ အာဆင်နယ် လူငယ်စတား ပါတီနိုက ဆာလီဘာလိုပဲ အငှားထွက်ကစားရင်း ကလပ်ရဲ့ အဓိက ကစားသမား ဖြစ်လာသည်ထိ တောက်ပလိုနေပါတယ်။

ချယ်ဆီးတိုက်စစ်သမား မာဒူခီက သွင်းဂိုးတွေ ပိုမို သွင်းယူနိုင်ရေး ပြင်သစ်ကြယ်ပွင့် အမ်ဘတ်ပီနဲ့ အီဂျစ် ကြယ်ပွင့် ဆာလာတို့ရဲ့ ကစားဟန်ကို အမြဲတမ်း လေ့လာဖြစ်တယ်လို့ ပြောပြလာပါတယ်။

နွေတုန်းက ဘန်လေအသင်းထံ ပေါင် ၃၂ သန်းဖြင့် ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့တဲ့ ဘယ်အစွန်လူ Ian Maatsen ကို ခေါ်ယူဖို့ ဘာစီလိုနာဘက်က စိတ်ဝင်စားနေပါတယ်။