ဒီနေ့ နံနက် အစောပိုင်းက ယှဉ်ပြိုင်ကစားတဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲဖြစ်တဲ့ ဘယ်ဂျီယံနဲ့ ဆွီဒင်ပွဲစဉ်ဟာ ဘရပ်ဆဲလ် မြို့အတွင်း ဆွီဒင် ပရိသတ် နှစ်ဦး ဆံးုပါးခဲ့ရတဲ့ လူသတ်မှု ဖြစ်ပေါ်လာတာကြောင့် ပွဲပျက်သွားခဲ့ရပါတယ်။
ထိုပွဲကန်နေချိန် အတွင်း အမှု ဖြစ်ပွားခဲ့တာ ဖြစ်ပြီး တာဝန်ရှိသူတွေကတော့ ပွဲကို မရပ်တန့်ခိုင်းခဲ့ပါဘူး။
ဒါပေမယ့် ဘယ်ဂျီယံရဲ့ ဘရပ်ဆဲလ်မြို့တွင်းမှာ ဆွီဒင်ပရိသတ် နှစ်ဦး အသတ်ခံရတဲ့ ကိစ္စကို ၁-၁ ရလဒ် ထွက်ပေါ်နေတဲ့ ပထမပိုင်း အပြီးမှာ သိခဲ့ရတယ်လို့ ဆွီဒင်နည်းပြက ဖော်ထုတ်ခဲ့ပါတယ်။
ဆွီဒင် ဘောလုံး ပရိသတ် ၃ ဦး သွားလာနေစဉ်မှာ ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပြီး ၂ဦးသေဆုံးကာ တစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ် လို့ သိရပါတယ်။
ပထမပိုင်းပြီး break time မှာ ဒီသတင်း ကြားပြီးပြီးချင်း ကစားသမားတွေက “ကမ္ဘာကြီး ဘာတွေဖြစ်ကုန်ပြီလဲ?” ဆိုကာ အတော်လေး တုန်လှုပ်သွားခဲ့ကြပါတယ်။
အဲဒီနောက် ကွယ်လွန်သွားတဲ့ ဘောလုံးပရိသတ်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို လေးစားမှု ပေးလိုတာကြောင့် ဆက်မကစားဖို့ ဆွီဒင်အသင်းက ဆုံးဖြတ်ခဲ့ပါတယ်။
နောက်ပိုင်းမှာ ဆွီဒင်အသင်းကို ရဲအစောင့်အရှောက်နဲ့ လေဆိပ်ကို လိုက်လံ ပို့ဆောင်ခဲ့ရသလို မြို့ထဲက ဆွီဒင် ပရိသတ်တွေကိုလည်း ရဲတွေက လိုက်လံ စောင့်ရှောက်ခဲ့ရပါတယ်။
သေဆုံးသွားတဲ့ ဆွီဒင် ပရိသတ်နှစ်ဦးဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲ ကြည့်ဖို့ ဘရပ်ဆဲလ်ကို ရောက်နေတာလားဆိုတဲ့ ကိစ္စကို အခုချိန်ထိတော့ သေချာ မသိရသေးဘဲ စုံစမ်းမှုတွေ ဆက်လုပ်နေဆဲ ဖြစ်ပါတယ်။
