ချယ်ဆီးကို သရေကျတာ အာဆင်နယ် ပျော်ရမှာပါ လို့ ဘွင်းဘွင်းပဲ ပြောလိုက်တဲ့ ဂယ်ရီ နဗီးလ်

ပြီးခဲ့တဲ့ စနေနေ့ည၊ စတန်းဖို့ ဘရစ်ျခ်က လန်ဒန်ဒါဘီပွဲမှာ အာဆင်နယ်တို့ အိမ်ရှင် ချယ်ဆီးအသင်းကို သရေကစားနိုင်ခဲ့တာ အတွက် ပျော်ရွှင်နေရမှာပါလို့ သရဲနီဟောင်းကြီး ဂယ်ရီနဗီးက မှတ်ချက်ပေးလိုက်ပါတယ်။

ထို ပွဲမှာ အာဆင်နယ်ဟာ ချယ်ဆီးရဲ့ ကစားကွက်ကို ဖြိုခွဲဖို့ ခက်ခဲနေခဲ့ပြီး မန်စီးတီးကို အနိုင်ရတဲ့ ပွဲမှာလိုမျိုး အာဆင်နယ် ခံစစ်မှူးတွေကလည်း အကောင်းဆုံး မကစားနိုင်ခဲ့ပါဘူး။

ဒါပေမယ့်လို့ ပွဲကို ၂-၀ ဖြင့် အရေးနိမ့်နေရာက သရေတစ်မှတ် ပြန်ယူနိုင်ခြင်းကို အာတီတာတို့ ကျေနပ်နေရမှာပါ လို့ စကိုင်းစပေါ့ အစီအစဉ်ကနေ နဗီးက သုံးသပ် ပြောဆိုသွားပါတယ်။

ဂယ်ရီနဗီးက ” အာဆင်နယ်အသင်းကတော့ ချယ်ဆီးပွဲမှာ သရေတစ်မှတ် ရခဲ့တာအတွက် ပျော်ရွှင်နေ ရပါလိမ့်မယ်။ သူတို့ ကစားတာ မကောင်းခဲ့ပါဘူး၊ သူတို့ အကောင်းဆုံး ကစားနိုင်သလောက် ဒီပွဲမှာ အနိုင်ရဖို့ မနီးစပ်ခဲ့ပါဘူး။

သူတို့ရဲ့ ဗဟိုခံစစ်မှူး နှစ်ဦးကြည့်ရတာ ကောင်းကောင်း ကစားနိုင်ခြင်း မရှိဘူးလို့ ကျနော် မြင်ပါတယ်။ အဲ့လို အနေအထားကနေ သရေတစ်မှတ် ယူနိုင်ခဲ့တာက အာဆင်နယ်အတွက် တကယ်ကို ကောင်းပါတယ် ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

လန်ဒန်ဒါဘီ သရေပွဲ ပြီးနောက် အာဆင်နယ်ဟာ ရမှတ် ၂၁ မှတ်ဖြင့် မန်စီးတီးနဲ့ ရမှတ်တူဖြစ်နေပြီး စပါးတို့ လက်ကျန်ပွဲကို အနိုင်ရရင်တော့ တတိယနေရာ ဆင်းပေးရမှာ ဖြစ်ပါတယ်။