မန်ချက်စတာ ယူနိုက်တက်ဟာ ညက အိုးထရက်ဖို့ဒ်မှာ ကိုပင်ဟေဂင် အသင်းကို မက်ဂွဲရားရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရကာ အုပ်စုတွင်း ရမှတ် စတင် ရရှိပြီ ဖြစ်ပါတယ်။
ဒီမတိုင်ခင် အုပ်စု ၂ ပွဲလုံး အရေးနိမ့်ထားခဲ့တာကြောင့် နိုင်ပွဲ ရဖို့ အရေးတကြီး လိုအပ်ခဲ့ပြီး မက်ဂွဲရားရဲ့ သွင်းဂိုး၊ အိုနာနာ အစွမ်းပြမှုတွေနဲ့ အတူ ၃ မှတ်ပြည့် ရရှိခဲ့တာ ဖြစ်ပါတယ်။
ပွဲချိန် မိနစ် ၇ဝ မှ မက်ဂွဲရားက ဂိုးသွင်းပေးခဲ့တာ ဖြစ်ပြီး မိနစ် ၂ဝ ကျန်ချိန်မှာ စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့ပါတယ်။ ပွဲချိန် ၉၄ မိနစ်မှ တော်မီနေးကြောင့် ပင်နယ်တီ ပေးခဲ့ရပြီး ဂိုးသမား အိုနာနာ က အရေးပါတဲ့ ကာကွယ်မှု လုပ်သွားခဲ့ပါတယ်။
ကင်မရွန်းသား ဂိုးသမားဟာ ပေါင် ၄၄ သန်းနဲ့ ဒီနွေမှာ ရောက်ရှိလာတည်းက ယူနိုက်တက်မှာ အမှား များစွာ လုပ်ခဲ့သလို ကိုပင်ဟေဂင်နဲ့ ပွဲ မတိုင်ခင်ထိ ၁၂ ပွဲ မှာ ဂိုး ၂ဝ ထိ ပေးထားရကာ ဝေဖန်မှုတွေ များစွာ ခံယူနေရပါတယ်။

ဒါပေမယ့် ညက ချန်ပီယံလိဂ်ပွဲမှာတော့ အိုနာနာက သူ့အစွမ်းကို ထုတ်ပြလာခဲ့တာပါ။ ပင်နယ်တီကို ကာကွယ်ခဲ့ရုံတင် မက ဒုတိယပိုင်း ပြန်စခါစ အစောပိုင်းမှာလည်း အလန်းစား ဂိုး ကာကွယ်မှုကောင်း တစ်ခု ပြုလုပ်ခဲ့ပါသေးတယ်။
” ကျွန်တော်က ကိုယ့် အလုပ် ကိုယ်လုပ်တာပါပဲ။ အရေးအကြီးဆုံးက ဒီလို ခက်ခဲတဲ့ အသင်းနဲ့ ရင်ဆိုင်ပြီး နိုင်ပွဲ ရတာပဲ ဖြစ်တယ်။ နိုင်ပွဲ ရလို့ ကျွန်တော် ကျေနပ် ပျော်ရွှင်ပါတယ်။ ပွဲကောင်း ကစားနိုင်ခဲ့ပြီး ဟယ်ရီ ဆီက သွင်းဂိုးကလည်း သိပ်ကောင်းတယ်။
ကျွန်တော်တို့က မန်ချက်စတာ ယူနိုက်တက်ပါ။ ကလပ်အသင်းကြီး၊ ထိပ်တန်း ကစားသမားတွေ ဖြစ်တယ်။ အစွမ်းပြဖို့ အချိန်ကျလာရင် လုပ်ပြနိုင်ပါတယ်။ ဒီပုံစံ အတိုင်း ဆက်လုပ်သွားနိုင်ဖို့ပဲ လိုတယ်။ လုပ်လည်း လုပ်နိုင်မယ် ဆိုတာ သံသဝ လုံးဝ မရှိပါဘူး။ ” လို့ အိုနာနာက ယုံကြည်မှု ရှိရှိနဲ့ ပွဲ အပြီး အင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါတယ်။
