ချယ်ဆီးအသင်းနဲ့ အပြောင်းအရွှေ့ သတင်းထွက်နေတဲ့ အိုဆင်ဟမ်ဟာ လန်ဒန်ကလပ်ကို ရောက်လာလိမ့်မယ်လို့ ESPN မှ သုံးသပ်သူ Janusz Michallik က ပြောဆိုလာပါတယ်။
နိုင်ဂျီးရီးယား တိုက်စစ်မှူးဟာ စီးရီးအေကလပ်နဲ့ အမှတ်ပေးဖလား အောင်မြင်ခဲ့ပေမယ့် ဒီရာသီမှာ ပုဂ္ဂိုလ်ရေး အဆင်မပြေမှုတွေ ရှိနေတာပါ။ သူဟာ ချယ်ဆီး၊ လီဗာပူးတို့ထံ ပြောင်းလာမယ်လို့ သတင်းကြီးလာနေတယ်။
“ ဒါက ကောလဟာလ သတင်းတင် မဟုတ်တော့ပါဘူး။ ဒါက ချက်နဲ့လက်နဲ့ ကိစ္စ ဖြစ်လာပြီ။ ကျနော် အဲ့လိုပြောရတာက ချယ်ဆီးအသင်း တိုက်စစ်မှူးသစ် လိုအပ်နေချိန် အိုဆင်ဟမ်ရဲ့ သတင်းတွေကလည်း အရင်တည်းက ထွက်လာနေလို့ပါပဲ။
ဒီလောရန်တစ် (နာပိုလီ ဥက္ကဋ္ဌ) က အိုဆင်ဟမ်ကို စျေးပေါပေါနဲ့တော့ ထွက်ခွင့်ပေးမှာ မဟုတ်ပေမယ့် ဒီအပြောင်းအရွှေ့ ဖြစ်လာမယ်လို့ ထင်နေပါတယ်။
ချယ်ဆီးကတော့ သူ့ကိုရဖို့ ခြေစုံပစ်ပြီး ကြိုးစားမှာပဲ မဟုတ်ရင် သူတို့ အခြား ဘယ်သူ့ကို ခေါ်နိုင်ဦးမှာလဲ? ” လို့ Michallik က မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။
ချယ်ဆီးအသင်းက အိုဆင်ဟမ်ကို ခေါ်ယူလိုတယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ လောက် ပေးရဖွယ် ရှိနေတာ ဖြစ်ပါတယ်။
