စတမ်းဖိုဒ့်ဘရစ်ချ်မှာ ချယ်ဆီးအသင်းဟာ ဘရန့်ဖိုဒ့်ကို ဧည့်ခံကစားပြီး အံ့အားသင့်စရာအဖြစ် ၂-၀ ရလဒ်ဖြင့် အရေးနိမ့်ခဲ့ပါတယ်။
ချယ်ဆီးပွဲထွက်လူစာရင်းမှာ အန်ဇို၊ မူဒရစ်တို့ မပါလာခဲ့ဘဲ စတာလင်၊ ပါလ်မာနဲ့ ကိုင်ဆီဒိုတို့တော့ ပါဝင်လာခဲ့တာပါ။ ဒဏ်ရာက ပြန်သက်သာလာတဲ့ ရိစ်ဂျိမ်းနဲ့ ခံစစ်မှူး ဘတ်ဒီယာရှိုင်းတို့ကတော့ အရန်စာရင်းကပဲ ပါဝင်လာခဲ့ပါတယ်။
ပထမပိုင်း ခြေစွမ်းကို မြင်နေရကတည်းက ဒီရာသီ မြင်နေကျ ချယ်ဆီးပဲလို့ တွေးမိလိုက်တာပါ။ ပါလ်မာထံက စွမ်းဆောင်ရည်ကောင်း မြင်ရပြီး ဘောလုံးပိုင်ဆိုင်မှုမှာ ချယ်ဆီးက သိသိသာသာ သာလွန်ကာ ဘောလုံးက ဘရန့်ဖိုဒ့် ကွင်းဘက်ခြမ်း မှာပဲ ရှိနေတာပါ။
ချယ်ဆီးအသင်းရဲ့ ကစားပုံ ကောင်းပေမယ့် ထက်မြက်မှု မရှိလှဘဲ ပြိုင်ဘက် ခံစစ်ကို ထိုးဖောက်ပြီး ဦးဆောင်ဂိုး ယူနိုင်စွမ်း အားနည်းလှပါတယ်။ ဒီလောက် ကစားနိုင်တာတောင် ဂိုးရဖို့ အကောင်းဆုံး အခွင့်အရေးဆိုလို့ မာဒူခီရဲ့ ကြိုးစားမှု ဘားတန်းထိခဲ့တာပဲ ရှိပါတယ်။
ချယ်ဆီးရဲ့ ဘောလုံးပေးမှုတွေနဲ့ ပွဲကို ချဉ်းကပ်မှုတွေက ကောင်းမွန်မှု ရှိပေမယ့် သွင်းဂိုးနဲ့ ပတ်သက်လာရင် ချယ်ဆီးကနေ ဂိုးရအောင်သွင်းမယ်ဆိုတဲ့ အားထည့်မှုမျိုး မမြင်ရတာကို အတော်လေး စိတ်ပျက်စရာပါပဲ။
ဒုတိယပိုင်းမှာတော့ ဘရန့်ဖိုဒ့်အတွက် သွင်းဂိုးကို ညာခြမ်းကရတဲ့ ဖြတ်တင်ဘောကနေ ပင်းနစ်ခ်က ဝင်ပိတ်သွားတာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဘရန့်ဖိုဒ့်ရဲ့ ကစားပုံ မဆိုးလှသလို ခံစစ်ပိုင်း ကျစ်လစ်မှုဟာ အထင်ကြီးစရာဖြစ်ပြီး ချယ်ဆီးကို ခံစစ် ၅ ယောက်တန်းဖြင့် ခုခံခဲ့တာ ဖြစ်ပါတယ်။
GOAL | Chelsea 0-2 Brentford | Bryan Mbeumo
Why was Sanchez the fastest running back? No hunger from these players
— FootballChampions (@ChampionsTV_) October 28, 2023
ဒုတိယပိုင်း တစ်ခုလုံးမှာ ချယ်ဆီးတို့ ခြေပဂိုးရဖို့ အခွင့်အရေး ရှာပေမယ့် ထုံးစံအတိုင်း ထိရောက်မှု အားနည်းခဲ့ပါတယ်။ နောက်ဆုံး မိနစ်အနားမှာ ခြေပဂိုးရရေး ဂိုးသမား ဆန်းချက်စ်ပါ ရှေ့တက်လာပြီး ခေါင်းတက်တိုက်ဖို့ ကြိုးစားပေမယ့် ကောင်တာ ပြန်ပေါက်ခဲ့ကာ ဘရန့်ဖိုဒ့်ကပဲ ဒုတိယ ဦးဆောင်ဂိုးကို ဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲ ကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲရလဒ်ကြောင့် ချယ်ဆီးဟာ ၁၀ ပွဲကစား ရမှတ် ၁၂ မှတ်ဖြင့် ဘရန့်ဖိုဒ့်ထက် ၁ မှတ်လျော့နည်းကာ အဆင့် ၁၁ နေရာမှာပဲ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။
