ယူနိုက်တက် ရဲ့ ရှုံးပွဲတွေကတော့ တောင်လိုပုံလာနေပြီ လို့ ဘယ်လောက် အဖြစ်ဆိုးလဲ မန်ချက်စတာ ဒါဘီပွဲအပြီးမှာ မီးမောင်းထိုးပြသွားခဲ့သူ

မန်ချက်စတာ ယူနိုက်တက်ကတော့ ဒီနေ့ည အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာ မြို့ခံ ပြိုင်ဘက် မန်စီးတီးကိုမှ ၃-ဝ နဲ့ ဂိုးပြတ် ရှုံးခဲ့ရပြီ ဖြစ်ပါတယ်။

နည်းပြ တန်ဟက်ရဲ့ အသင်းဟာ မန်စီးတီးကို အဘက်ဘက်ကနေ လုံးဝ မယှဉ်နိုင်ဘဲ ကျရှုံးခဲ့ရတာပါ။ ၃ ဂိုးလောက်နဲ့ ပြီးသွားတာကို ကျေနပ်ရမယ့် သဘော ဖြစ်နေပါတယ်။

စီးတီး အတွက်တော့ အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်ကို ဂိုးအပြတ်ဆုံး နိုင်ပွဲ ယခင်မှတ်တမ်းနဲ့ တန်းတူ ရလဒ် ထပ် ရခဲ့တာပါ။ ယခင် ၃ဂိုးပြတ် နိုင်ခဲ့တာကတော့ ဒေးဗစ်မိုယက်စ် ကိုင်တွယ်စဉ်က ဖြစ်ပါတယ်။

ဘီဘီစီမှ သုံးသပ်သူ ဆိုင်မွန်စတုန်း ကတော့ ယူနိုက်တက်ရဲ့ ရှုံးပွဲက ဘယ်လောက် အဖြစ်ဆိုးသလဲ အခုလို မီးမောင်း ထိုးပြသွားခဲ့ပါတယ်။

” ယူနိုက်တက် အတွက် ရှုံးပွဲတွေကတော့ တောင်လို ပုံလာနေပြီ။ ဒီပွဲက မန်ချက်စတာ ယူနိုက်တက် အတွက် ဒီရာသီ ပရီးမီးယားလိဂ် အဖွင့် ၁ဝ ပွဲ ကစားပြီးချိန်မှာ ၅ ပွဲ မြောက် ရှုံးပွဲ ဖြစ်ပါတယ်။

ဒါဟာ ၁၉၈၆-၈၇ နောက်ပိုင်း ၁ဝ ပွဲ ကစားပြီးချိန် ရှုံးပွဲ အများဆုံး ကြုံရတဲ့ အရေအတွက်လည်း ဖြစ်လာပါတယ်။ အဲဒီ ရာသီတုန်းကတော့ ယူနိုက်တက်မှာ နည်းပြ ရွန် အက်ကင်ဆန် ထွက်သွားရပြီး ဆာအဲလက်စ် ဖာဂူဆန် ရောက်လာခဲ့တာပါ။

ကျွန်တော်တော့ ဒီနေ့ပွဲကနေ အိမ်ရှင်အသင်းက ဘာအမြတ်ထွက်တာများ ရှိမလဲ တွေးကြည့်နေမိတယ်။ အင်ဒရီ အိုနာနာရဲ့ ကာကွယ်ချက်တွေပဲ ဖြစ်လိမ့်မယ် ထင်တယ်။ ပွဲက လုံးဝကို တဖက်သတ်ကြီး ဖြစ်နေတာ ခင်ဗျားတို့လည်း တွေ့မှာပါ။ ” ဘီဘီစီမှ သုံးသပ်သူ ဆိုင်မွန်စတုန်းက ပွင့်ပွင့်လင်းလင်းပဲ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။