ချယ်ဆီးအသင်း အမှတ်လျှော့ ပြစ်ဒဏ် ကျခံရမှာလား? နောက်ကြောင်းလှန် စစ်ဆေးမှုတော့ ခံနေရပါပြီ

ချယ်ဆီးအသင်းကတော့ အမှတ်လျှော့ ပြစ်ဒဏ် ခံရနိုင်တဲ့ ကိစ္စကြီး ပေါ်နေပြီ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ဟာ ဝီလီယမ်နဲ့ အီတူးတို့ကို ခေါ်ယူစဉ် ချယ်ဆီးအသင်း လုပ်ဆောင်ခဲ့တဲ့’လျှို့ဝှက် ငွေပေးချေမှု’ အပေါ် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပြီ ဖြစ်ပါတယ်။

၂၀၁၃ ဩဂုတ်လမှာတုန်းက ရုရှားကလပ် Anzhi Makhachkala အသင်းကနေ ဝီလီယမ်ကို ပေါင် ၃၂ သန်းပေးပြီး ခေါ်ယူခဲ့သလို တူညီတဲ့ သီတင်းပတ်မှာပဲ အီတူးကလည်း ရုရှားကလပ်ကနေ ချယ်ဆီးကို ပြောင်းလာခဲ့တာပါ။

ဒီနှစ်အစောပိုင်းမှာ ချယ်ဆီးအသင်းဟာ ပိုင်ရှင်ဟောင်း လက်ထက်က ဘဏ္ဍာရေး ဖောက်ဖျက်မှုတွေအတွက် စစ်ဆေးခံရမှုတွေ ရှိခဲ့တယ်။ ပိုင်ရှင်သစ်တွေဟာ ယခင် ပိုင်ရှင်လက်ထက်က နိုင်ငံခြားကုမ္ပဏီတွေကို ချယ်ဆီးအသင်း ငွေပေးချေခဲ့တဲ့ မှတ်တမ်းတွေအား ပရီးမီးယားလိဂ်နဲ့ ယူအီးအက်ဖ်အေတို့ထံ ပေးပို့ခဲ့ပါတယ်။

အင်္ဂလန် သတင်းဌာန The Times ရဲ့ အဆိုအရ အေဗရာမိုဗစ်လက်ထက် ငွေပေးချေမှုတွေမှာ ဝီလီယမ်၊ အီတိုးတို့ရဲ့ အပြောင်းအရွှေ့ ကိစ္စတွေအတွက် ‘ရုရှားအဖွဲ့အစည်းတွေ’ ထံ ငွေပေးချေမှု လုပ်ခဲ့တဲ့ မှတ်တမ်းတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အကယ်လို့ အပြစ်ရှိကြောင်း တွေ့ရှိမယ်ဆိုရင် ချယ်ဆီးဟာ ငွေဒဏ် ဒါမှမဟုတ် ရမှတ်လျော့ ပြစ်ဒဏ်မျိုး ရင်ဆိုင် ရနိုင်ပါတယ်။ ဂျူလိုင်လတုန်းကတော့ ယူအီးအက်ဖ်အေက အေဘရာမိုဗစ် လက်ထက် ဘဏ္ဍာရေးကိစ္စတွေကြောင့် ချယ်ဆီးအသင်းအား ယူရို ၁၀ သန်း ဒဏ်တပ်ထားပါတယ်။

ဒီတစ်ကြိမ်ကလည်း ချယ်ဆီး လက်ရှိ ပိုင်ရှင်တွေကပဲ ယခင် ပိုင်ရှင်ဟောင်း လက်ထက် ငွေပေးချေမှုကိစ္စတွေကို ပူးပေါင်းလုပ်ဆောင်ပေးခဲ့တာမို့ ပြင်းထန်တဲ့ အပြစ်ပေးမှုတွေ ရှိမလာဖို့ မျှော်လင့်ရတာ ဖြစ်ပါတယ်။