ရှုံးပွဲအပြီး ဝက်စ်ဟမ်းရဲ့ အဖွင့်ဂိုးအတွက် မကျေနပ်ဘဲ စောဒကတက်လာတဲ့ အာဆင်နယ် နည်းပြ အာတီတာ

နည်းပြ အာတီတာရဲ့ အာဆင်နယ် အသင်းဟာ မနေ့ညက အဝေးကွင်းမှာ လန်ဒန်ပြိုင်ဘက် ဝက်စ်ဟမ်းကို ၃-၁ ဖြင့် အရေးနိမ့် ကာ ကာရာဘောင်း ဖလား ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။

ထိုပွဲစဉ်မှာ ပြိုင်ဘက် ဝက်စ်ဟမ်း အသင်းရဲ့ အဖွင့်ဂိုးကို အာဆင်နယ် နည်းပြ အာတီတာက သဘောမကျပါဘူး။

နောက်ခံလူ ဘမ်ဝှိုက်ရဲ့ ခေါင်းတိုက်ချက် ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိခြင်း မတိုင်ခင် ပြိုင်ဘက်အသင်းက ဂိုးသမား ရမ်စ်ဒယ်ကို Foul လုပ်ခဲ့ပေမယ့် ဖြစ်ရပ်ကို VAR ဖြင့် ပြန်စစ်ဆေးမှု မလုပ်နိုင်ခြင်းနဲ့အတူ ဦးဆောင်ဂိုး ပေးခဲ့ရပါတယ်။

အာတီတာက “ အကယ်လို့ VAR ရှိနေရင် ဒီဂိုးမျိုး မပေးရပါဘူး။ ဒါတော့ သေချာပါတယ်။ ဒီည ရလဒ်အတွက် ကျနော် အပေါ်မှာပဲ တာဝန်ရှိပါတယ်။ ဒီရလဒ်အတွက် သိပ်ကို စိတ်ပျက်ရပါတယ် ” လို့ ပွဲအပြီး မှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

စနေနေ့ညမှာ နယူးကာဆယ်နဲ့ အဝေးကွင်း ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲ ရှိနေတာကြောင့် နည်းပြအာတီတာက အဓိက ကစားသမား အများအပြားကို ပွဲထွက်ကနေ ချန်လှပ်ခဲ့ပါတယ်။

နယ်ဆန် ပွဲထွက်ခွင့်ရခဲ့သလို ထရော့ဇတ်၊ ဟာဗက်တို့ပဲ ပါဝင်လာတဲ့ အာဆင်နယ်ဟာ ဝက်စ်ဟမ်းအသင်းကို ကစားပုံ ကောင်းကောင်းဖြင့် လွှမ်းမိုးနိုင်ခဲ့ခြင်းတော့ မရှိပါဘူး။

တိုက်စစ်သမားတွေ ခြေစွမ်းပြခြင်းနဲ့အတူ ဝက်စ်ဟမ်းဘက်က နောက်ထပ် ဦးဆောင်ဂိုး ၂ ဂိုး ထပ်သွင်းခဲ့ပြီး အာဆင်နယ် ကတော့ ခြေပဂိုးကို ပွဲချိန်ပြီးခါနီးမှ သွင်းယူနိုင်ခဲ့တာပါ။

ဒါပေမယ့် အရှုံးရလဒ်ကို ပြန်မဆယ်နိုင်တော့တာကြောင့် အာဆင်နယ်တို့ ကာရာဘောင်း ပြိုင်ပွဲကို ၁၆ သင်း အဆင့်ကနေ နှုတ်ဆက်ခဲ့ရပြီ ဖြစ်ပါတယ်။