ဒိုင်တွေနဲ့ ပတ်သတ်ပြီး ပြောဆိုခဲ့တာတွေ အတွက် ၃ ရက်အတွင်း ဖြေရှင်းချက်ပေးဖို့ အာဆင်နယ်နဲ့ အာတီတာ အား အက်ဖ်အေ စ ကိုင်ပါပြီ

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေ ဘက်ကတော့ ပြီးခဲ့တဲ့ နယူးကာဆယ်နဲ့ ပွဲမှာ VAR ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး စောဒက တက်ခဲ့တဲ့ အာတီတာနဲ့ အာဆင်နယ်အသင်းထံ စာ ရေးသား ပေးပို့ကာ အရေးယူမလား ကိစ္စကို စတင် ဆောင်ရွက်နေပြီ လို့ သိရပါတယ်။

နယူးကာဆယ်ကို အရေးနိမ့်အပြီးမှာ အာတီတာက ဂေါ်ဒန်ရဲ့ သွင်းဂိုးဟာ မပေးသင့်ဘူးလို့ ဒေါသတကြီး ပေါက်ကွဲ ခဲ့တယ်။ အာတီတာက အင်္ဂလိပ်ဒိုင်တွေဟာ ‘ရှက်စရာကောင်းတယ်’၊ ‘ကျက်သရေမရှိဘူး’ စသဖြင့် ပွဲအပြီးမှာ အတော် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

အဆိုပါ မှတ်ချက်အတွက် အာတီတာဟာ တန်ပြန်ပြီး ပြင်းထန်စွာ ဝေဖန်ခံနေရသလို တချို့ကတော့ အာတီတာကို အရေးယူဖို့ တိုက်တွန်းနေကြပါတယ်။

အာဆင်နယ်အသင်းဘက်ကတော့ နည်းပြဖြစ်သူကို ကာကွယ်ပြောဆိုထားပြီး စပိန်သားဘက်ကနေ ရပ်တည် ပေးခဲ့ပါတယ်။

အက်ဖ်အေက အာတီတာနဲ့ အာဆင်နယ်အသင်းတို့ထံ ဖြေရှင်းချက် ပေးဖို့ တရားဝင် စာပို့ထားကာ လူရှေ့မှာ ထုတ်ဖော်ခဲ့တဲ့ မှတ်ချက်တွေအတွက် စတင် စုံစမ်းနေပါတယ်။ အာဆင်နယ်ဘက်က အက်ဖ်အေကို ၃ ရက်အတွင်း အကြောင်းပြန်ခွင့် ရှိထားပါတယ်။

အကယ်လို့ စည်းမျဉ်းကို ဖောက်ခဲ့တာဆိုရင် အရေးယူမှုမျိုး လုပ်လာနိုင်တယ်လို့ သိရတယ်။ အက်ဖ်အေဘက်က ကနဦး သတိပေးချက် ထုတ်ပြန်တာ ဒါမှမဟုတ် အနာဂတ်မှာ အရေးယူမယ့် အရိပ်အယောင်တွေလည်း ရှိနေပါတယ်။

အာဆင်နယ်ဘက်ကတော့ ပြီးခဲ့တဲ့ ၁၈ လအတွင်း သူတို့အသင်းကို ဆန့်ကျင် ဆုံးဖြတ်ခဲ့တဲ့ VAR ဆုံးဖြတ်ချက်တွေကို စာရင်းလုပ်ပြီး အက်ဖ်အေဘက်ကို တင်ပြဖို့ စီစဉ်ထားပါတယ်။