ကိန်း၊ ဘာပေ၊ ဟာလန်းတို့တောင် နောက်ရောက်နေသေးတဲ့ ဥရောပ ရွှေဖိနပ်ဆု ရမယ့် တိုက်စစ်မှုး ရေပန်းစားမှု

ဥရောပ ဘောလုံးလောကရဲ့ ဂုဏ်သိက္ခာရှိ ဆု တစ်ခု ဖြစ်တဲ့ European Golden Boot အတွက် ဒီရာသီ အပြိုင် ဖြစ်နေတဲ့ တိုက်စစ်သမားတွေထဲမှာ ဝါရင့် တိုက်စစ်မှုးတွေအပြင် တက်သစ်စ ကြယ်ပွင့်တွေလည်း ပါဝင်လာပါတယ်။

ထိပ်ဆုံးမှာ ဦးဆောင်နေတာကတော့ ဘွန်ဒက်လီဂါပွဲ ၁၁ ပွဲ ကစားထားပြီးချိန် ၁၇ ဂိုး သွင်းယူထားတဲ့ ဟယ်ရီကိန်း ဖြစ်ပါတယ်။ ကစားသမားဘဝ ပထမဆုံး ဥရောပ ရွှေဖိနပ်ဆုကို စိန်ခေါ်နိုင်ဖို့ အလားအလာ ကောင်းနေတဲ့ အင်္ဂလန် အသင်းခေါင်းဆောင်ဟာ ဒီဆုအတွက် ဟာလန်းနဲ့ ပြိုင်ဆိုင်ရမှာပါ။

မနှစ်ကရာသီ ရွှေဖိနပ်ဆုရှင် ဟာလန်းဟာ အံ့မခန်း သွင်းဂိုး ၃၆ ဂိုးရခဲ့သူဖြစ်ကာ မန်စီးတီး နဲ့ အတူ ဆုဖလား ၃ လုံး ရယူ အောင်မြင်ခဲ့ပါတယ်။ ဟာလန်းဟာ ဒီရာသီမှာတော့ လိဂ်ဂိုး ၁၃ ဂိုး သွင်းယူထားပါတယ်။ ပရီးမီးယားလိဂ် အကျော်အမော် တစ်ဦးဖြစ်တဲ့ ဆာလာကတော့ ဒီရာသီ လိဂ် သွင်းဂိုး ၁၀ ဂိုး ရထားပါတယ်။

ဒီဆုအတွက် နောက်ထပ် ရေပန်းစား တစ်ဦးကတော့ ပီအက်စ်ဂျီမှ အမ်ဘတ်ပီဖြစ်ပြီး သူဟာလည်း သွင်းဂိုး ၁၃ ဂိုး ရယူထားတာ ဖြစ်ပါတယ်။

ဒါပေမယ့်လို့ အံ့အားသင့်စရာက လက်ရှိ ဥရောပမှာ ဂိုးသွင်းအများဆုံး တိုက်စစ်သမားများ စာရင်းမှာ ဒီနာမည်ကျော်တွေ အားလုံးကို ကျော်ဖြတ်ထားတဲ့ မထင်မရှား တိုက်စစ်မှုး ၂ ဦး ရှိနေပါတယ်။

ဥရောပ ရွှေဖိနပ်ဆုအတွက် ရမှတ်အမြင့်ဆုံး တိုက်စစ်သမား Akor Adams ဟာ နော်ဝေကလပ် လီလီစထရုမ်းနဲ့ မောင့် ပယ်လီယာ နှစ်သင်းနဲ့အတူ သွင်းဂိုး ၂၂ ဂိုး သွင်းယူပြီး ရမှတ် ၃၆.၅ မှတ် ရထားပါတယ်။

ဒုတိယနေရာမှာလည်း နော်ဝေကလပ် Bodo/Glimt မှာ ကစားနေတဲ့ Pellegrino ကပဲ သွင်းဂိုး ၂၃ ဂိုး ရမှတ် ၃၄.၅ မှတ်ရနေတာ ဖြစ်ပါတယ်။

1. Akor Adams (22 goals* – 36.5 points)
2. Amahl Pellegrino (23 goals – 34.5 points)
3. Harry Kane (17 goals – 34 points)
4. Serhou Guirassy (15 goals – 30 points)
5=. Kylian Mbappe (13 goals – 26 points)
5=. Erling Haaland (13 goals – 26 points)

ဥရောပ ရွှေဖိနပ်ဆုဟာ လိဂ်သွင်းဂိုးတွေနဲ့ လိဂ်ရပ်တည်မှု ရမှတ်ကို မြှောက်ပြီး စုစုပေါင်း ရမှတ်ထုတ်ပေးတာပါ။

ဥရောပ ထိပ်သီးလိဂ်ကြီး ၅ ခုဆိုရင် သွင်းဂိုးတိုင်းကို ရမှတ် ၂ မှတ်ဖြင့် မြှောက်ပေးပြီး အောက်ပိုင်းတွေကတော့ ရမှတ် ၁.၅ မှတ်နဲ့ မြှောက်ပေးတာ ဖြစ်ပါတယ်။ စုစုပေါင်း ရမှတ် အများဆုံး တိုက်စစ်သမားက ရွှေဖိနပ်ဆုကို အနိုင်ရတာ ဖြစ်ပါတယ်။