ပရီးမီးယားလိဂ်နဲ့ ဒိုင်တွေကို အလွန်အကျွံ ဝေဖန်တဲ့ ကိစ္စ ငြိမ်းသွားအောင် အာတီတာကို စံပြ အနေနဲ့ အရေးယူဖို့ အက်ဖ်အေ စတင် လှုပ်ရှားပါပြီ

အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် အက်ဖ်အေကတော့ အာဆင်နယ်နဲ့ အာတီတာရဲ့ အပြုအမှုကို ဥပမာယူပြီး အနာဂတ်မှာ ဒိုင်တွေကို ပြင်းထန်စွာ ဝေဖန်မှုတွေအား အရေးယူမှု ပြုလုပ်ဖို့ အဆင်သင့် ဖြစ်နေပြီ လို့ သိရပါတယ်။

နယူးကာဆယ်ကို ၁-၀ ဖြင့် အရေးနိမ့်တဲ့ ပွဲအပြီးမှာ ဂေါ်ဒန်ရဲ့ သွင်းဂိုးအား ‘ရှက်စရာကောင်းတယ်’၊ ‘သိက္ခာမရှိဘူး’ စတဲ့ စကားလုံးတွေဖြင့် အာတီတာက ဝေဖန်ခဲ့ပါတယ်။

နောက်ဆက်တွဲ အနေနဲ့ အာဆင်နယ် အသင်းဘက်ကလည်း နည်းပြ အာတီတာကို ပေါ်ပေါ်ထင်ထင် ထောက်ခံခဲ့ခြင်းအပေါ် အက်ဖ်အေက အထူး စိုးရိမ်နေပါတယ်။

ဒါကြောင့် ဒီအပတ် ကြာသပတေးနေ့မှာတော့ အက်ဖ်အေက အာတီတာကို အရေးယူမယ်လို့ ထုတ်ဖော် ကြေညာခဲ့ပြီ ဖြစ်ပါတယ်။

အာတီတာရဲ့ ဝေဖန်ချက်ဟာ Rule E3.1 ကို ဖောက်ဖျက်ခြင်းကြောင့် အရေးယူမှာဖြစ်ကြောင်း အတည်ပြုခဲ့ပေမယ့် ဘယ်လို ပြစ်ဒဏ် ပေးမလဲ မသိရသေးပါဘူး။ အာတီတာဘက်က နိုဝင်ဘာလ ၂၁ ရက်နေ့ မတိုင်ခင်ထိ အယူခံဝင်ခွင့် ရှိထားပါတယ်။

အက်ဖ်အေကတော့ အနာဂတ်မှာ ဒီလိုဖြစ်ရပ်တွေ ထပ်မဖြစ်လာဖို့ အာတီတာကို ပြစ်ဒဏ်ပေးဖို့ ဆုံးဖြတ်လာခဲ့ကာ ပြင်းထန်နိုင်ကြောင်း သုံးသပ်ချက်တွေ ရှိနေပါတယ်။

အက်ဖ်အေဟာ မန်နေဂျာတွေကို ကိုယ်စားပြုတဲ့ အဖွဲ့တွေဖြင့် တွေ့ဆုံခဲ့ပြီး အာတီတာလို ဒိုင်တွေကို ပြင်းထန်စွာ ဝေဖန်ခြင်းနဲ့ ကလပ်တွေဘက်က ထောက်ခံခြင်းတွေ မပြုလုပ်ဖို့ ပြင်းထန်စွာ သတိပေးမှုပါ ပြုလုပ်ထားပါတယ်။

ဂေါ်ဒန်ရဲ့ သွင်းဂိုးမှာ ဒိုင်တွေဟာ ဘာအမှားမှ မလုပ်ခဲ့ဘူးလို့ ပရီးမီးယားလိဂ် ဒိုင်အဖွဲ့ချုပ် PGMOL က ယုံကြည်နေတာနဲ့အတူ အာတီတာကို ထောက်ခံမှု ပြုလုပ်ခဲ့တဲ့ အာဆင်နယ်ကိုကော အရေးယူမလား ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။