ပြောင်းရွှေ့ကြေးကြီးနဲ့ ခေါ်ယူပြီး ဆေးကုပေးနေရသလိုပဲ ဖြစ်နေတဲ့ မန်ချက်စတာ ယူနိုက်တက် ရဲ့ ဂျင်း ကစားသမား

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမား မေဆန်မောင့် ဟာ ကလပ်ပွဲတွေ ပြန် ကစားရတော့မယ် ဆိုကာမှ ဒဏ်ရာ ထပ်ရသွားပြန်ပြီ ဖြစ်ပါတယ်။

ဒီနွေမှာ ချယ်ဆီးကနေ ယူနိုက်တက်ကို ပေါင် သန်း ၆၀ ဖြင့် ပြောင်းလာပြီးတည်းက မောင့်ဟာ ဒဏ်ရာ ပြဿနာတွေကို ရင်ဆိုင်နေရပြီး ရာသီအစောပိုင်းမှာတင် ၆ ပွဲထိ လွဲချော်ထားပါပြီ။

အခုတစ်ကြိမ်ကတော့ ဒီအပတ် တနင်္ဂနွေနေ့ ကစားရမယ့် အဲဗာတန်နဲ့ ပွဲ မတိုင်ခင် ပွဲကြို လေ့ကျင့်ရေးမှာ မေဆန်မောင့် ဒဏ်ရာ ရခဲ့ခြင်း ဖြစ်ပါတယ်။ မန်ချက်စတာ ကလပ် ဆေးအဖွဲ့က မောင့်ရဲ့ ဒဏ်ရာကို စစ်ဆေးမှု ပြုလုပ်နေပေမယ့် ကနဦး သုံးသပ်ချက်အရတော့ ၃ ပတ်ကနေ ၄ ပတ်ကြား အနားယူရပါမယ်။

မန်ယူ ကစားသမားဘဝ မေဆန်မောင့် အတွက် ဒဏ်ရာရဲ့ ထိုးနှက်မှုကို နောက်တစ်ကြိမ် ရင်ဆိုင်နေရပြီဖြစ်ကာ မောင့်ဟာ ဒဏ်ရာ ပြန်ထိသွားတာမို့ တစ်လလောက် အနားယူရတော့မှာ ဖြစ်ပါတယ်။

မောင့်ဟာ ကာဆီမီရို၊ အဲရစ်ဆန်တို့နဲ့အတူ ယူနိုက်တက်ရဲ့ ဒဏ်ရာရ ကစားသမား စာရင်းထဲ ပါဝင်လာခဲ့တယ်။ သတင်းကောင်းကတော့ ရာသီအဖွင့် ၂ ပွဲ ပြီးကတည်းက ၃ လကြာ အနားယူနေရတဲ့ ဘယ်အစွန်လူ လုရှော ပြန်ကစားလာနိုင်ဖွယ် ရှိနေပါတယ်။

နည်းပြတန်ဟက်ဟာ ဂိုးသမား အိုနာနာကိုတော့ အသုံးပြုနိုင်မှာဖြစ်ပြီး တိုက်စစ်မှူး ဟွိုင်လန်း ကစားနိုင်မလား စောင့်ကြည့်ရပါဦးမယ်။ ဒိန်းမတ်နဲ့ စလိုဗေးနီးယား၊ မြောက်အိုင်ယာလန်တို့ ယှဉ်ပြိုင်ရတဲ့ ပွဲတွေမှာ ဟွိုင်လန်း တံကောက်ကြောကြောင့် ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။

ယူနိုက်တက်ဟာ နောက်ဆုံး ကစားသမားတဲ့ အမှတ်ပေးပွဲ ၅ ပွဲမှာ ၄ ပွဲထိ အနိုင်ရထားတဲ့ အသင်းဖြစ်ပြီး ပရီးမီးယားလိဂ် ထိပ်ဆုံး နေရာတွေကို ပြန်လည် စိန်ခေါ်ဖို့ရာ စတင် တာဆူလာနေတာပဲ ဖြစ်ပါတယ်။