ကွင်းလယ်နဲ့ တိုက်စစ်အတွက် အာဆင်နယ်က သန်း ၁ဝဝ ကျော်တန် ကစားသမား နှစ်ဦးကို တပြိုင်နက် ချိန်ရွယ်

အာဆင်နယ်အသင်းမှာ တိုက်စစ်ပိုင်း အားနည်းချက်ရှိတယ်လို့ ဘောလုံး သုံးသပ်သူ အများစု က ဆိုနေပေမယ့် နည်းပြ အာတီတာကတော့ ကွင်းလယ်ကို အင်အားဖြည့်ဖို့ အလိုရှိနေပါတယ်။

အာဆင်နယ် ကွင်းလယ်မှာ သောမတ်စ် ပါတေး ဒဏ်ရာရနေသလို အသင်းခေါင်းဆောင် အိုဒီဂတ် ခြေစွမ်း ကျဆင်းတာမျိုး ဖြစ်နေတာကြောင့် အာတီတာ ကွင်းလယ်လူသစ် တစ်ဦး ထပ်ဖြည့်လိုနေဟန် ရှိပါတယ်။

တိုက်စစ်ဘက်မှာတော့ အာဆင်နယ်၊ ချယ်ဆီးတို့ အပြိုင် ပစ်မှတ်ထားနေတဲ့ အိုဆင်ဟမ် ကို နာပိုလီက စာချုပ် ဖျက်သိမ်းကြေး ပေါင် ၁၁၂ သန်းထိ တိုးမြှင့်ဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။

ကွင်းလယ် အတွက် အာဆင်နယ်ရဲ့ လက်ရှိ ဦးစားပေး ပစ်မှတ်က အက်စတွန်ဗီလာမှ ဒေါက်ကလပ် လူးဝစ် ဖြစ်တယ်လို့ သိရပြီး ၎င်းကို လီဗာပူးကလည်း ချိန်ရွယ်နေပါတယ်။

ဒါပေမယ့် Top 4 နဲ့ ဖလားပြိုင်ဆိုင်မှု လမ်းကြောင်းထဲ ရှိနေတဲ့ ဗီလာကတော့ ဒေါက်ကလပ် လူးဝစ်ကို ပေါင် သန်း ၁၀၀ ဈေးသတ်မှတ်ထားပြီး အာဆင်နယ်၊ လီဗာပူးတို့ထံ လက်မလွှတ်ရဖို့ ကြိုးစားသွားမှာပါ။

အာဆင်နယ်ဟာ ဇန်နဝါရီမှာ ကလပ်ကြယ်ပွင့် စမစ်ရိုးကို ရောင်းချကာ ငွေသားတစ်ရပ် ရှာဖွေဖို့လည်း အစီအစဉ် ရှိပါတယ်။ ဒါမှပဲ ကွင်းလယ်နဲ့ တိုက်စစ်ကို အားဖြည့်ဖို့ လုံလောက်တဲ့ အသုံးစရိတ် ရရှိမှာ ဖြစ်ပါတယ်။