ဇန်နဝါရီမှာ ခေါ်ဖို့ တီမိုဗာနာ အပါအဝင် တိုက်စစ်မှုး ၃ ဦးကို ချိတ်ဆက် စကားပြောနေတဲ့ မန်ချက်စတာ ယူနိုက်တက်

လီဗာပူးကို သရေ ကျပြီးတဲ့နောက် မန်ချက်စတာ ယူနိုက်တက်မှာ နည်းပြတန်ဟက် ရင်ဆိုင်နေရတဲ့ ဖိအားတွေကလည်း လျော့ပါးသွားခဲ့ပြီး ဇန်နဝါရီမှာတော့ ယူနိုက်တက်ဟာ နည်းပြအတွက် ကစားသမား ခေါ်ယူမှု အနည်းငယ် ပြုလုပ်ပေးတော့မှာ ဖြစ်ပါတယ်။

နာမည်ကြီး သတင်းထောက် ရိုမန်နို အဆိုအရ ယူနိုက်တက်ဟာ ဟွိုင်လန်း ဂိုးမိုးခေါင်မှုကြောင့် ဇန်နဝါရီမှာ တိုက်စစ်မှုးသစ် တစ်ဦး သေချာပေါက် ခေါ်ယူဖို့ ရှိပြီး ဒီအတွက် စကားပြော ဆွေးနွေးနေတဲ့ တိုက်စစ်မှုး ၃ ဦး ရှိကြောင်း ဖော်ထုတ်လာပါတယ်။

သရဲနီတွေဟာ ဘွန်ဒစ်လီဂါ ကြယ်ပွင့်တွေ ဖြစ်ကြတဲ့ တီမိုဗာနာ၊ ဒွန်ရဲလ် မေလန်နဲ့ Serhou Guirassy တို့ရဲ့ အေးဂျင့်တွေနဲ့ ဆက်သွယ် ဆွေးနွေးနေပါတယ်။

ချယ်ဆီး တိုက်စစ်မှုးဟောင်း ဖြစ်တဲ့ တီမိုဗာနာ က လာမယ့် ဇန်နဝါရီမှာ လိုက်ပ်ဇစ်ကနေ ထွက်ခွာဖို့ သေချာ စဉ်းစားနေပြီး အင်္ဂလန် ပြန်ဖို့ လက်ခံဖွယ် ရှိပါတယ်။

အဲရစ်တန်ဟက်နဲ့ အေဂျင်စီ တူသွားတဲ့ မေလန် ကလည်း ပုံမှန် ပွဲ ကစားခွင့်သာ အာမခံရင် ဒေါ့မွန်ကနေ ထွက်ခွာပြီး အသင်းသစ် လက်ခံဖို့ အသင့် ရှိနေပြန်ပါတယ်။

စတုဂတ် တိုက်စစ်မှုး Guirassy ကတော့ ယူနိုက်တက် အတွက် ငွေသိပ်မကုန်ဘဲ ရနိုင်မယ့် တိုက်စစ်မှုး ဖြစ်ပြီး သူ့ရဲ့ စာချုပ် ဖျက်သိမ်းကြေးက ပေါင် ၁၇ သန်း ရှိပါတယ်။ ၎င်းက ဒီရာသီ ဘွန်ဒစ်လီဂါ ၁၃ ပွဲမှာ ၁၆ ဂိုးထိ သွင်းထားတာပါ။

ယူနိုက်တက်ဟာ လက်ရှိ လူစာရင်းကို အင်အားဖြစ်စေဖို့ ဆောင်းရာသီ ဈေးကွက်အတွင်း တိုက်စစ်မှုး အပြင် ခံစစ်မှူး တစ်ဦးလည်း ခေါ်ယူသွားမှာပါ။ ဒါ့အပြင် ယူနိုက်တက်ဟာ အငှား ခေါ်ယူမှု တစ်ခုကိုလည်း ပြုလုပ်သွားဦးမယ်လို့ သိရပါတယ်။