အန်နာဆီယို၊ တိုဒီဘို၊ ဆော်ဒီဘက် ခြေလှမ်းပြင်နေတဲ့ သရဲနီ ကွင်းလယ်လူ၊ ဆန်ချို၊ ဂရင်းဝုဒ်တို့နဲ့ ဇန်နဝါရီအတွက် ယူနိုက်တက် အပြောင်းအရွှေ့ သတင်းများ

မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့် ဆောင်းဈေးကွက်၊ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမား အဝင်/ အထွက်တွေ ရှိဦးမှာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ခေါ်ယူလိုတဲ့ ဦးစားပေးထဲမှာ ခံစစ်မှူးသစ် ခေါ်ယူဖို့ ပါဝင်ပြီး စပို့တင်းမှ အန်နာဆီယိုကို အတော်လေး သဘောကျမှု ရှိထားပါတယ်။ ယူနိုက်တက်ဟာ ပေါ်တူဂီသား ခံစစ်မှူးအတွက် ကနဦး ပေါင် ၃၈.၈ သန်း ပေးရမှာဖြစ်ကာ ဆုကြေး ပေါင် ၁၂.၂ သန်းကို ထပ်တိုးပေးရဖို့ ရှိနေပါတယ်။

ယူနိုက်တက်ရဲ့ နောက်ထပ် ခံစစ် ပစ်မှတ် တစ်ဦး ဖြစ်တဲ့ နိုက်စ်မှ တိုဒီဘို ကိုတော့ တော့တင်ဟမ် စပါးအသင်းက လက်ဦးမှု ယူကာ ချိတ်ဆက် ဆွေးနွေးနေပြီ ဖြစ်ပါတယ်။

ကစားသမား အထွက် စာရင်းမှာတော့ ကွင်းလယ်လူ ကာဆီမီရိုကို ဆော်ဒီပရိုလိဂ်ဘက်က ခေါ်ယူလိုနေကာ ယူနိုက်တက်မှာ ရနေတဲ့ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းရဲ့ နှစ်ဆလောက်ထိ ပေးဖို့ ဆန္ဒ ရှိနေပါတယ်။ နည်းပြ တန်ဟက်ကတော့ သူ့ကို ရာသီကုန်ထိ ဆွဲထားလိုပေမယ့် ကစားသမားဘက်က ထွက်လိုရင် တားဆီးမှာတော့ မဟုတ်ပါဘူး။

ယူနိုက်တက်ရဲ့ တိုက်စစ်သမားတွေဖြစ်တဲ့ ဆန်ချိုနဲ့ ဂရင်းဝုဒ်ကိုတော့ အင်္ဂလန် ပြင်ပ ကလပ်တွေက ခေါ်ယူလို နေကြပါတယ်။ ဆန်ချိုကို ဘွန်ဒက်လီဂါကလပ် လိုက်ဇစ်အသင်းက အလိုရှိနေပြီး သူ့ရဲ့ လုပ်ခက အဟန့်အတား ဖြစ်နေတာပါ။ ဂရင်းဝုဒ်ကိုတော့ လာလီဂါကလပ် အများအပြားက သဘောကျနေတာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ကွင်းလယ်လူ ဗန်ဒီဘိခ်ကိုတော့ ဘွန်ဒက်လီဂါကလပ် ဖရန့်ဖတ် အသင်းထံ အငှားချမှာဖြစ်ပါတယ်။ နယ်သာလန်သားဟာ ဆေးစစ်မှု အောင်မြင်ခဲ့ပြီဖြစ်ကာ ရာသီကုန်ရင် အပြီးသတ် ခေါ်ယူခွင့် အပါအဝင် ကိစ္စ အနည်းငယ် အတွက် ဆက်လက် ညိနှိုင်းနေပါတယ်။

နည်းပြတန်ဟက်တို့က အငှားခေါ်ယူထားတဲ့ အမရာဘတ်ကိုလည်း အပြီးသတ် ခေါ်ယူဖို့ မရှိပါဘူး။ ကွင်းလယ်ပိုင်း အစားထိုးဖို့တော့ အဲဗာတန်အသင်းမှ အိုနာနာကို စိတ်ဝင်စားပါတယ်။ ဒါပေမယ့် ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ ပေးရမှာကို သိပ်တော့ သဘောမကျပါဘူး။