ကလပ်ကမ္ဘာ့ဖလားအပြင် ၂၀၂၃ ခုနှစ်အတွင်း ရခဲ့တဲ့ ဖလားတွေကြောင့် အင်္ဂလန်မှာ ဆရာကြီးဖြစ်သွားတဲ့ မန်စီးတီး

မန်စီးတီးအသင်းဟာ ဘရာဇီးကလပ် ဖလူမီနက်စ် အသင်းနဲ့ ယှဉ်ပြိုင်ကစားတဲ့ ကလပ် ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲကို ၄-၀ နဲ့ အနိုင်ရကာ ချန်ပီယံဖြစ်လာခဲ့ပါတယ်။

အဲဗာရက်စ်က ၂ ဂိုး သွင်းယူပြီး ဖိုဒန်က ၁ ဂိုး သွင်းယူကာ နီနိုက ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့မိတာပါ။ ဒီဖလားဟာ ၂၀၂၃ ခုနှစ်အတွင်း ဂွာဒီယိုလာရဲ့ အသင်းအတွက် ၅ လုံးမြောက် ဆုဖလားလည်း ဖြစ်လာခဲ့ပါတယ်။ စီးတီးဟာ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ အက်ဖ်အေ၊ စူပါဖလားတို့ကိုလည်း အောင်မြင်ထားပြီးပါပြီ။

ဒါ့အပြင် ၂၀၀၈ မှာ ယူနိုက်တက်၊ ၂၀၁၉ မှာ လီဗာပူး၊ ၂၀၂၁ မှာ ချယ်ဆီးတို့နောက် ကလပ်ကမ္ဘာ့ဖလား အောင်မြင်တဲ့ စတုတ္ထမြောက် အင်္ဂလန်ကလပ်လည်း ဖြစ်လာခဲ့ပါတယ်။

နေသန် အကီရဲ့ အဝေးကန်ချက်က တစ်ဆင့် ရလာတဲ့ အခွင့်အရေးကို အဲဗာရက်စ်က ရင်ဘတ်နဲ့တိုက်ပြီး ပွဲအစ ၄၅ စက္ကန့်မှာတင် အဖွင့်ဂိုး ယူခဲ့ခြင်း ဖြစ်ပါတယ်။ ၁၆ မိနစ်မှာတော့ အီဒါဆန် ပင်နယ်တီ ပေးခဲ့ရပေမယ့် VAR က ပယ်ဖျက်ခဲ့ပါတယ်။

ဖလူမီနက်စ်က မန်စီးတီးကိုတောင် ဘောလုံးပိုင်ဆိုင်မှု အသာဖြင့် ကစားခဲ့သေးပေမယ့် ဖိုဒန်ရဲ့ ဖြတ်တင်ဘောက နီနိုနဲ့ ထိပြီး ဂိုးဝင်သွားတဲ့နောက် ပွဲအဖြေက သိသာသွားခဲ့တယ်။ ပထမပိုင်း မပြီးခင် အီဒါဆန်က ကာကွယ်မှုကောင်းလည်း လုပ်ပေးခဲ့ရပါသေးတယ်။

ပထမပိုင်းမှာ မန်စီးတီးက တတိယဂိုး ရလောက်တဲ့ အခွင့်အရေးတွေ ရှိခဲ့ပေမယ့် ဖလူမီနက်စ် ဂိုးသမား လက်စွမ်းပြခဲ့တယ်။ ဒုတိယပိုင်းမှာတော့ ဖိုဒန်နဲ့ အဲဗာရက်စ်တို့က ဂိုးတွေ ထပ်ရခဲ့တာကြောင့် ၄ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့တာပါ။

ပွဲထဲမှာတော့ ကွင်းလယ်လူ ရိုဒရီကို ဖလူမီနက်စ်ဘက်က ခြေကျိုးသွားနိုင်တဲ့ထိ အဖျက်ကြမ်းခဲ့တာကိုလည်း မြင်ခဲ့ရပါတယ်။ ကံကောင်းစွာဘဲ ကာလရှည် နားရမယ့် အခြေအနေကနေ ကင်းလွှတ်ခဲ့ပါတယ်။

ကမ္ဘာ့ချန်ပီယံအဖြစ် အင်္ဂလန်ကို ပြန်ရောက်လာတော့မယ့် မန်စီးတီးဟာ ပရီးမီးယားလိဂ်မှာ ၅ မှတ် အသာရနေတဲ့ အာဆင်နယ်ကို အမှီလိုက်ဖို့ အားရုံစိုက်လာတော့မှာ ဖြစ်ပါတယ်။