မနက်ဖြန်တောင် ရာထူးက မသေချာချိန် ၂၀၂၄ ခုနှစ်အတွက် သူ့ရဲ့ မဟာရည်မှန်းချက်ကို တန်ဟက် ထုတ်ဖော်

မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၈ အဖြစ် ဝက်စ်ဟမ်းကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ကစားကာ ၂-၀ ဖြင့် ရှုံးနိမ့်ခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့် ၈ နေရာထံ ဆင်းပေးခဲ့ရပြီ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဒီရာသီ အမှတ်ပေးပွဲ ၇ ပွဲမှာ ဂိုးရယူနိုင်ခဲ့ခြင်း မရှိသလို တိုက်စစ်မှူး ဟွိုင်လန်းကလည်း ပရီးမီးယားလိဂ် သွင်းဂိုး လုံးဝ ရယူနိုင်ခြင်း မရှိသေးပါဘူး။ သွင်းဂိုးတွေနဲ့ ပတ်သက်လာရင် ယူနိုက်တက်ရဲ့ မှတ်တမ်းတွေက အဆိုးရွားဆုံး အခြေအနေကို ရောက်ရှိနေတာပါ။

မကြာခင်မှာ နှစ်သစ်ကို ကူးပြောင်းတော့မှာဖြစ်ကာ ၂၀၂၄ ခုနှစ်မှာ ယူနိုက်တက်အတွက် ဘာတွေ ဘာအပြောင်းအလဲတွေ လုပ်ပြမလဲ မေးခွန်းကိုတော့ နည်းပြတန်ဟက်က

” ၂၀၂၃ မှာတော့ ကျနော်တို့ ကာရာဘောင်းဖလား အောင်မြင်ခဲ့တယ်၊ အက်ဖ်အေဖလား ဖိုင်နယ်တက်ခဲ့တယ်။ အမှတ်ပေးဇယား တတိယနေရာ ရောက်ခဲ့ပါတယ်။ ဒါတွေက ကျနော်တို့ စွမ်းဆောင်ရည် ကောင်းခဲ့ကြောင်း ပြသနေပါတယ်။

ဒါပေမယ့် လက်တလောတော့ ပုံမှန်ခြေစွမ်းအောက်ကို ရောက်နေပါတယ်။ အဲ့တာကလည်း ဒဏ်ရာ ပြဿနာ များနေလို့ရယ်ပါ။ ဒီတော့ ဒဏ်ရာရ ကစားသမားတွေ ပြန်သက်သာလာခဲ့ရင် ကျနော်တို့ အသင်းက ပိုကောင်းလာမှာပါ။

ကျနော်တို့ တည်တည်ငြိမ်ငြိမ် ရှိရမယ်၊ အတူတကွ စုစည်းနေရမယ်၊ အစီအစဉ်တွေ အတိုင်း အတူတကွ ကြိုးစား လုပ်ဆောင်သွားပါမယ် ” ဆိုပြီး ဖြေဆိုပေးသွားတာ ဖြစ်ပါတယ်။