ပရီးမီးယားလိဂ်မှာ သူတို့ ရှိနေသေးကြောင်း လူတွေသိအောင် ထထ ရှုံးပြတဲ့ ချယ်ဆီး

ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် အဝေးကွင်းအဖြစ် ဝုဗ်ကို သွားရောက် ရင်ဆိုင်ရာမှာ ၂-၁ ဖြင့် အရေးနိမ့်ခဲ့ပြီး အဆင့် ၁၈ နေရာက လူတန်တောင်းနဲ့ ၁၀ မှတ်ပဲ ကွာဟတော့တာ ဖြစ်ပါတယ်။

အန်ဇို၊ ကိုင်ဆီဒို၊ လာဗီယာ အစရှိတဲ့ ကွင်းလယ်လူတွေ ဒဏ်ရာကြောင့် မပါနိုင်တဲ့ ဒီပွဲမှာ နည်းပြပိုချက်တီနိုရဲ့ လူစာရင်းက ကြည့်ပျော်ရှုပျော်တော့ ရှိခဲ့ပါတယ်။ ပထမပိုင်းက ချယ်ဆီးကစားတာ ကြည့်လို့ အဆင်ပြေပေမယ့် ထုံးစံအတိုင်း ဂိုးရဖို့တော့ မလုပ်နိုင်ကြပါဘူး။

ဝုဗ်အသင်းရဲ့ အမှားတွေကနေ ချယ်ဆီးတို့ အကောင်းဆုံး အခိုက်အတန့် ရတာတွေ ရှိခဲ့ပါတယ်။ ဘရိုဂျာ၊ ဂျက်ဆန်၊ စတာလင်တို့ ၃ ဦးလုံး ဂိုးရသင့်ပြီး ဖြုန်းတီးခဲ့ကြတာပါ။ ပထမပိုင်းရဲ့ အကောင်းဆုံး ကစားသမားတစ်ဦး ဖြစ်နေတဲ့ စတာလင်က ပွဲရဲ့ အကောင်းဆုံး အခွင့်အရေးကို အဆုံးသတ်ရာမှာ ဝုဗ် ဂိုးသမားကို မကျော်ခဲ့ပါဘူး။

ဒုတိယပိုင်း အစမှာတော့ ပိုပြီး ဖွင့်ကစားတဲ့ ပုံစံမျိုးတွေနဲ့အတူ ဝုဗ်က ခပ်သွက်သွက်ပဲ ထိုးဖောက်မှုတွေ လုပ်ခဲ့ပါတယ်။ အဖွင့်ဂိုးကို ပွဲချိန် ၅၁ မိနစ်မှာ လာမီနာက ထောင့်ကန်ဘောက တစ်ဆင့် သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဦးဆောင်ဂိုးပေးရပြီး မကြာခင်မှာပဲ နည်းပြပိုချက်တီနိုက အန်ကွန်ကူနဲ့ မူဒရစ်တို့ကို ထည့်ပြီး တိုက်စစ်မြင့်ခဲ့တယ်။ လူစားဝင်လာပြီး မိနစ်ပိုင်းမှာပဲ အန်ကွန်ကူရဲ့ ပင်နယ်တီ ဧရိယာထဲကနေ ပိတ်ချက်ဟာ ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် ဂိုးလိုင်းနားကနေ ကပ်ပြီး ရှင်းထုတ်ခံခဲ့ရပါတယ်။

ချယ်ဆီးအသင်းဟာ အပြောင်းအလဲ ကာလကို ကျော်ဖြတ်နေရဆဲလို့ ဆိုနိုင်ပေမယ့် ဒီတလော ကွင်းထဲက အခြေအနေတွေ၊ စည်းကမ်းပိုင်း အားနည်းမှုတွေနဲ့ ဒဏ်ရာ ပြဿနာတွေက တုန်လှုပ်စရာ ဖြစ်ပါတယ်။ ငွေကြေးများစွာ အကုန်အကျခံထားတဲ့ အသင်းတစ်သင်းက ဒီလောက် ဆိုးရွားနေတာက အံ့ဩသင့်စရာပါ။

ပိုချက်တီနိုက အပြောင်းအလဲတွေ ပြုလုပ်ပေမယ့် တိုက်စစ်ကို ဦးဆောင် ကစားပေးမယ့် ကစားသမား မရှိခဲ့ပါဘူး။ နာကျင်အချိန်ပိုမှာ ဝုဗ်ကပဲ ဒုတိယ ဦးဆောင်ဂိုး ထပ်ယူခဲ့သလို အန်ကွန်ကူ ခြေပဂိုး ၁ ဂိုး ပြန်ယူနိုင်ခဲ့ပေမယ့် ရှုံးပွဲ ရင်ဆိုင်သွားရတာ ဖြစ်ပါတယ်။