ကစားသမား ၄ ဦး ဂိုးသွင်းပေမယ့် ၂ ဂိုးပဲ ရခဲ့တဲ့ လီဗာပူးတို့ ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန် ဦးဆောင်

Boxing Day ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲအဖြစ် ဇယားထိပ်နားက လီဗာပူးအသင်းဟာ တန်းဆင်းဇုန်က ဘန်လေအသင်း အိမ်ကွင်းထံ သွားရောက် ယှဉ်ပြိုင်ရာမှာ ၂-၀ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

လီဗာပူးအသင်းက ပွဲအစမှာတင် ဧရိယာထိပ်က လှလှ သွင်းယူသွားတဲ့ ဒါဝင် နူးညက်စ်ရဲ့ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပါတယ်။ ပထမပိုင်း တစ်ပိုင်းလုံးမှာ လီဗာပူးအသင်းက ကစားပုံ အသာစီးဖြင့် ထိန်းချုပ်ထားခဲ့ပြီး ဘန်လေတို့ ခက်ခက်ခဲခဲ ကာကွယ်နေခဲ့ရပါတယ်။

ဂက်ပိုက လီဗာပူးအတွက် ဂိုးသွင်းပေမယ့်လို့ အသင်းဖော် နူးညက်စ်က ဧရိယာထဲ ပြိုင်ဘက် ကစားသမားကို တွန်းကန်ခဲ့တယ်ဆိုကာ ကွင်းလယ်ဒိုင်က ဂိုးမပေးခဲ့ပါဘူး။ ပြန်ပြကွက်တွေမှာတော့ နူးညက်စ်နဲ့ ဘန်လေ ကစားသမားတို့ ထိတွေ့မှု မရှိခဲ့သလို ပြစ်ဒဏ်ကျူးလွန်ပုံလည်း မရပါဘူး။

ဘန်လေတို့ ပထမတစ်ပိုင်းလုံး ဂိုးပေါက်တည့်မှု တစ်ကြိမ်မှ မရှိလောက်အောင်ကို လီဗာပူးက လွှမ်းမိုး ကစားထားခဲ့ပါတယ်။ ဘန်လေဂိုးသမား ထရတ်ဖိုဒ့်ဟာ ၇ ကြိမ်လောက်ထိ ကာကွယ်ထားခဲ့ရပါတယ်။

ဒုတိယပိုင်းမှာလည်း လီဗာပူးဘက်က ဟာဗေး ဂိုးသွင်းခဲ့ပေမယ့် ကွင်းလယ်ဒိုင် တီရာနေးက VAR ကြည့်ကာ ပယ်ချခံခဲ့ရပါတယ်။ သွင်းဂိုးက ကောင်းပေမယ့် ဘန်လေခံစစ်သမားက ဆာလာကို အနောက်က တွန်းပြီး လူကျွံဘော လုပ်ခဲ့ဟန် ရှိပါတယ်။

ပွဲချိန် မိနစ် ၇၀ နောက်ပိုင်းမှာ ဘန်လေက ပြန်ကြိုးစားလာပြီး အခွင့်အရေးကောင်း ၂ ကြိမ်၊ ၃ ကြိမ်လောက်ထိ ရခဲ့ပေမယ့် လီဗာပူးခံစစ်က ကြံ့ကြံ့ခံကာကွယ်ခဲ့ပါတယ်။ ပွဲပြီးခါနီးမှာတော့ လူစားဝင် တိုက်စစ်မှူး ဂျိုတာက ဒုတိယဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် လီဗာပူးအသင်းဟာ အာဆင်နယ်ပွဲ မတိုင်ခင် ပရီးမီးယားလိဂ်ကို ဦးဆောင်သွားခဲ့ပြီ ဖြစ်ပါတယ်။