ဘီလူးစီးသလို ကစားတဲ့ ဒုတိယပိုင်း ခြေစွမ်းဖြင့် ဗီလာကို အနိုင်ယူကာ Top 4 နေရာ ပြန်လည် ဖိအားပေးလာတဲ့ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ်ကို စိန်ခေါ်နိုင်မယ့် အသင်းအဖြစ် ထင်ကြေးပေးခံနေရတဲ့ အက်စတွန်ဗီလာကို ၂ ဂိုး အရှုံးဖြင့် နောက်က လိုက်ကစားခဲ့ရပေမယ့် ဒုတိယပိုင်းမှာ သွင်းဂိုး ၃ ဂိုး ရယူခဲ့ပြီး ပွဲကို ၃-၂ ဖြင့် အနိုင်ရခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ပရိသတ်တွေ ပြန်ပြီး ဟားတိုက်ရလောက်အောင် ဆုံးဖြတ်ချက်ပိုင်း လိုအပ်ချက်များလှတဲ့ ပထမပိုင်း ၄၅ မိနစ်ကို ကစားခဲ့ပါတယ်။ ပေးဂိုးတွေကလည်း အာရုံစိုက်မှု အားနည်းတဲ့ တည်ကန်ဘော ၂ ကြိမ်ကနေ သွင်းဂိုး ၂ ဂိုး ခွင့်ပြုခဲ့ရတာပါ။

မက်ဂင်ရဲ့ တည်ကန်ဘောမှာ အိုနာနာ လိုအပ်ချက်များခဲ့တာကြောင့် ဦးဆောင်ဂိုး ပေးခဲ့ရသလို မက်ဂင်ရဲ့ ထောင့်ကန်ကနေပဲ ဒန်ဒွန်ကာက ဒုတိယဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဂိုးတွေပေးရပြီးနောက် ယူနိုက်တက်တို့ တုန့်ပြန်ပုံ ကောင်းမွန်ခဲ့ပေမယ့် ဗီလာ ခံစစ်ကို မကျော်နိုင်ခဲ့ပါဘူး။

ရလဒ်ကို မကြည့်ခဲ့ရင်တော့ ပထမပိုင်းမှာ ယူနိုက်တက်တို့ ကစားပုံ မဆိုးလှပါဘူး။ ဒါပေမယ့် အက်စတွန်ဗီလာက ခံစစ်လိုင်းကို high line ပုံစံထားပြီး ယူနိုက်တက် တိုက်စစ်ကို ဟန့်တားပုံက အလုပ်ဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်း အစမှာတင် ခြေပဂိုးတွေအတွက် တင်ကစားလာတဲ့ ယူနိုက်တက်အတွက် ဂနာချိုက ခြေပဂိုး သွင်းယူပေမယ့် ဘောလုံးလက်ခံစဉ် လူကျွံနေတာကြောင့် ပယ်ဖျက်ခံခဲ့ရတယ်။

ဒါပေမယ့် ပွဲချိန် မိနစ် ၆၀ မှာပဲ ဂနာချို ခြေပဂိုး ထပ်သွင်းခဲ့ပြီး ယူနိုက်တက်တို့ ပြန်လာနိုင်ဖို့ လမ်းစကို ဖော်ဆောင်ပေးခဲ့ပါတယ်။ ဒီတစ်ကြိမ် ရက်ဖိုဒ့်ပေးတာက ချိန်သားကိုက်ခဲ့ပါတယ်။

ဆက်တိုက် တင်ကစားလာတဲ့ ယူနိုက်တက်အတွက် ဒုတိယခြေပဂိုးကိုလည်း ဂနာချိုကပဲ သွင်းယူပေးခဲ့ပြီး သူ့ရဲ့ ကန်ချက် ပြိုင်ဘက် ကစားသမားနဲ့ထိပြီး လမ်းကြောင်း ပြောင်းသွားခဲ့တာပါ။ ဒုတိယပိုင်းမှာ ယူနိုက်တက် ကစားခဲ့တဲ့ ခြေစွမ်းဟာ အထင်ကြီးဖို့ ကောင်းခဲ့ပါတယ်။

ပေါက်ကွဲကစားနေတဲ့ ယူနိုက်တက်အတွက် အနိုင်ဂိုးကို ထောင့်ကန်ဘောက တစ်ဆင့် ရလာတဲ့ အခွင့်အရေးကနေ ဟွိုင်လန်းက ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုး အနိုင်ဂိုးဖြစ်ခဲ့တာအတွက် ဟွိုင်လန်းနဲ့ အသင်းဖော်တွေရဲ့ အောင်ပွဲခံမှုက အားပါ ပြင်းထန်ခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် တန်ဟက်အပေါ် ပုံကျနေတဲ့ ဖိအားတွေ အနည်းငယ် လျော့ကျသွားနိုင်ပြီး အဆင့် ၄ နေရာက စပါးနောက် ၅ မှတ်အကွာကို ရောက်လာခဲ့ပါပြီ။