၂ ဂိုး ရှုံးနေချိန် ရလဒ်ကို ပြောင်းပြန်လှန်ဖို့ အဝတ်လဲခန်းမှာ ဘာတွေပြောခဲ့လဲ တန်ဟက် ထုတ်ဖော်

ယူနိုက်တက် နည်းပြတန်ဟက်က အက်စတွန်ဗီလာကို ၂-၀ ဖြင့် ရှုံးနေရာက နောက်ကနေ ၃ ဂိုး လိုက်သွင်းပြီး အနိုင်ရခဲ့ခြင်းဟာ ကောင်းမွန်တဲ့ စရိုက်ကောင်းတွေ ပြသနိုင်ခြင်းလို့ ယုံကြည်နေပါတယ်။

အဲရစ်တန်ဟက်က ” အာဆင်နယ်ပွဲ မတိုင်ခင် ဒီစကားပြောခဲ့ပါတယ်။ လီဗာပူးနဲ့ပွဲ မတိုင်ခင်တုန်းကလည်း ပြောခဲ့ပါတယ်။ ကျနော်တို့ အကောင်းဆုံး ကစားရင် အသင်းတိုင်းကို အနိုင်ယူနိုင်စွမ်း ရှိပါတယ်။

ဒါကို ယုံကြည်ထားကြပါ။ ၂ ဂိုးပြတ် ရှုံးနေတယ်ဆိုရင်တောင် ကိစ္စ မရှိပါဘူး။ ဆက်ကြိုးစား၊ အကျင့်စရိုက်ကောင်းတွေပြ၊ ဒီနေ့မှာ ကျနော်တို့ အနိုင်ယူနိုင်စွမ်း ရှိတာမျိုး ပြသခဲ့ပါတယ်။ သိပ်ကောင်းတဲ့ အသင်းလိုက် စွမ်းဆောင်ရည်လို့ ထင်ပါတယ် ” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ပထမပိုင်းမှာတင် ၂ ဂိုး ရှုံးနေခဲ့ခြင်းဖြစ်ကာ ပထမပိုင်းအပြီး အဝတ်လဲခန်းမှာ ဆက်ယုံကြည်ထားကြဖို့ အသင်းသားတွေကို တိုက်တွန်းခဲ့ကြောင်း ပွဲအပြီး အင်တာဗျူးမှာ နည်းပြတန်ဟက်က ပြောပါတယ်။

” ပထမပိုင်းမှာတင် ကျနော်တို့ ကစားတာ ကောင်းတယ်လို့ ထင်ပါတယ်။ အသင်းသားတွေကို ဆက်ပြီး ယုံကြည်ထားကြ၊ ဒီတိုင်း ဆက်ကြိုးစား၊ ပိုပြီး အားထုတ်ကြလို့ တိုက်တွန်းခဲ့တယ်။

ကျနော်တို့ ဖိအားတကယ်ပေးနိုင်ရင် ရလဒ်ကို ပြောင်းပြန်လှန်ပြနိုင်တာ အားလုံး မြင်ကြပါတယ် ” လို့ နည်းပြတန်ဟက်က ပြောပါတယ်။

ဒုတိယပိုင်းမှ ဂနာချို (၂ ဂိုး)၊ ဟွိုင်လန်းတို့ရဲ့ သွင်းဂိုးတွေဖြင့် ပွဲအဖြေကို ပြောင်းလဲနိုင်ခဲ့တာပါ။ နည်းပြတန်ဟက်ကတော့ ဒီပွဲဟာ သူအမြဲပြောနေတဲ့ အကောင်းဆုံး ကစားနိုင်ရင် ပြိုင်ဘက်တိုင်းကို အနိုင်ယူနိုင်တယ် ဆိုတာ သက်သေပဲလို့ ကြွေးကြော်ခဲ့တာ ဖြစ်ပါတယ်။