အငြင်းပွားစရာ ဂိုးကို ခွင့်ပြုခဲ့ရသလို ခံစစ်မှူးဟောင်းရဲ့ သွင်းဂိုးကြောင့် ပရီးမီးယားလိဂ် ပြေးလမ်းမှာ လမ်းချော်ခဲ့ရတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ကစားတဲ့ ပရီးမီးယားလိဂ် ပွဲမှာတော့ ၀-၂ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ကာ ဒီရာသီ ပထမဆုံးသော အိမ်ကွင်း ရှုံးပွဲ ရင်ဆိုင်ခဲ့ရပြီ ဖြစ်ပါတယ်။

နှစ်သင်းလုံးက ပွဲစလာကတည်းက တိုက်စစ်ကို အားသန်ကစားခဲ့ကြတာဖြစ်ပြီး အာဆင်နယ်က ညာခြမ်းကို အားပြုကာ ဝက်စ်ဟမ်းကို ခြိမ်းခြောက်ခဲ့တာပါ။ ဝက်စ်ဟမ်းတိုက်စစ်သမား ဘိုဝင်ကလည်း ပြေးလွှားမှု အနည်းငယ်နဲ့အတူ အာဆင်နယ် ခံစစ်ကို သွေးတိုးစမ်းခဲ့ပါတယ်။

ဂိုးစရခဲ့တာက ဝက်စ်ဟမ်းအသင်းဖြစ်ကာ ဘိုဝင်ရဲ့ ဧရိယာထဲ ပေးပို့မှုကို ဆိုးချော့က ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဘိုဝင် အတွင်းထဲ ထည့်ပေးချိန်မှာ ဘောလုံးက စည်းပြင်ကို ကျော်နေဟန်တူပေမယ့် VAR စစ်ဆေးမှုမှာတော့ ဂိုးပေးလိုက်တာကလည်း အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။

ကင်မရာမြင်ကွင်းက ကစားသမားနဲ့ ကွယ်နေခဲ့ပေမယ့် VAR ကတော့ မိနစ် အတန်ကြာ စစ်ဆေးမှုမှာ ရှုထောင့်တစ်ခုခုကို အတည်ယူခဲ့ဟန်ရှိကာ ဂိုးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဂိုးမှာ အာဆင်နယ်ရဲ့ ခံစစ်ကာကွယ်ပုံကတော့ ညံ့ဖျင်းခဲ့ပါတယ်။

ဦးဆောင်ဂိုးပေးရတဲ့နောက် အာဆင်နယ်ဘက်က ကြိုးစားလာပေမယ့် ဘောလုံးလမ်းကြောင်းနဲ့ တိုက်စစ်ပိုင်း ထိုးဖောက်မှုတွေဟာ ခန့်မှန်းရ လွယ်ကူနေတာကြောင့်လည်း ဝက်စ်ဟမ်းဘက်က တားဆီးမှုတွေ လုပ်သွားနိုင်ပါတယ်။ ဆာကာ ပိတ်ချက် တိုင်ထိခဲ့တာကလည်း တော်တော်လေး နစ်နာပါတယ်။

ဒုတိယပိုင်းမှာတော့ ဂန်းနား ကစားသမားဟောင်း မာဘရိုပါနိုစ့်က ခေါင်းတိုက် သွင်းယူကာ ဝက်စ်ဟမ်းကို ၂ ဂိုးပြတ် ဦးဆောင်စေခဲ့တယ်။ ဆက်တိုက် ဆိုသလို ဂျေးဆု အခွင့်အရေးကြီး ၂ ကြိမ်လောက်ရပေမယ့် ဂိုးမဖြစ်ခဲ့ပြန်ပါဘူး။

ပွဲပြီးခါနီးမှာ ရိုက်စ်ရဲ့ ဧရိယာထဲ ရှင်းထုတ်မှုကနေ ပြိုင်ဘက် ခြေထောက်ကို ကန်ခဲ့မိတာကြောင့် ပင်နယ်တီ ပေးခဲ့ရပေမယ့် ကန်ချက်ကို ရာယာက နေရာယူ မှန်မှန်ဖြင့် ကာကွယ်နိုင်ခဲ့ပါတယ်။

အာဆင်နယ်ဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု သာခဲ့ပြီး ကန်သွင်းခွင့် အများကြီးကို ရခဲ့ပေမယ့် တကယ်တမ်း ခြိမ်းခြောက်နိုင်မှုက နည်းခဲ့ပါတယ်။ ဇန်နဝါရီမှာ တိုက်စစ်မှူးသစ် ခေါ်ယူဖို့ တကယ်ကို လိုအပ်နေတာဖြစ်ပါတယ်။

ဝက်စ်ဟမ်းရဲ့ ကျစ်လစ်တဲ့ ခံစစ်ကို ထိုးဖောက်ရာမှာ အမှားတွေများခဲ့ခြင်း၊ လိုအပ်ချက်တွေ ရှိနေခြင်းနဲ့အတူ ဇယားထိပ်က လီဗာပူးနဲ့ ၂ မှတ် ပြတ်သွားခဲ့ပြီ ဖြစ်ပါတယ်။