ဝက်စ်ဟမ်းဂိုး စည်းကျော်ကြောင်း ခံပြင်းနေတဲ့ အာဆင်နယ် ပရိသတ်တွေအား ဂယ်ရီနဗီး လှောင်ရယ်

အမ်းမရိတ်မှာ အငြင်းပွားစရာ ဆိုးချော့ရဲ့ သွင်းဂိုးနဲ့ပတ်သက်လို့ ဒေါသထွက်နေတဲ့ အာဆင်နယ်ပရိသတ်တွေကို ဂယ်ရီနဗီးက လှောင်ပြောင်မှု ပြုလုပ်သွားခဲ့ပါတယ်။

အာဆင်နယ် ခံစစ်က ရှင်းထုတ်လိုက်တဲ့ ဘောလုံးကို ဘိုဝင်က လိုက်ဆယ်ပြီး ဧရိယာထဲ ချပေးရာမှာ ဆိုးချော့က ပိတ်သွင်းခဲ့တာပါ။ အဲ့ဖြစ်ရပ်မှာ ဘိုဝင် ဆယ်ခဲ့တဲ့ ဘောလုံးဟာ စည်းပြင်ကို ရောက်သွားလား မရောက်သေးဘူးလား ဆိုတာက အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။

အဆိုပါဂိုးကို VAR က ပေးခဲ့အပြီးမှာ ဂယ်ရီနဗီးက လှောင်ရယ်တဲ့ emojis သုံးခဲ့သလို နယူးကာဆယ်ပွဲအတွင်း အာဆင်နယ်တို့ ပေးလိုက်ရတဲ့ သွင်းဂိုးဖြစ်ရပ်ကို ပြန်ပြီး အမှတ်ရတဲ့ အပြုအမှုကို ပြုလုပ်ခဲ့ပါတယ်။

ဂယ်ရီနဗီးဟာ နယူးကာဆယ်တို့ သွင်းယူခဲ့တဲ့ ဂိုးဟာ ရှုထောင့် တစ်ခုကနေ စည်းကျော်တယ် ထင်နေကြပေမယ့် အခြားသော ရှုထောင့်အရ စည်းတွင်းမှာပဲ ရှိနေသေးပြီး VAR မှန်တယ်လို့ စကိုင်းစပေါ့ကနေ ဖြေရှင်းခဲ့သေးတာပါ။ သူကတော့ အခုလည်း VAR မှန်တယ်လို့ ထောက်ခံခဲ့ခြင်း ဖြစ်ပါတယ်။

စိတ်ပျက်နေတဲ့ အာဆင်နယ်ပရိသတ်တွေက ဂယ်ရီနဗီးကို ဝိုင်းပြီး လှောင်ပြောင်ခဲ့ကြသလို ပရိသတ် တစ်ဦးကဆိုရင် ‘ မင်းက ပရီးမီးယားလိဂ်မှာ အညံ့ဆုံး အစွန်လူတစ်ယောက်ပဲ ’ လို့ ဝေဖန်ခဲ့တာပါ။

ယူနိုက်တက် ဂန္တဝင်ကြီးက အဆိုပါ ဝေဖန်ချက်ကို ‘ မင်းပြောတာ သဘောတူတယ် ဒါပေမယ့် ဂိုးလိုင်း နည်းပညာမှာတော့ ငါက တော်ပါတယ်ကွား ’ လို့ တုန့်ပြန် ဟားတိုက်ခဲ့တာ ဖြစ်ပါတယ်။

ဆိုးချော့ရဲ့ သွင်းဂိုးနဲ့ ပတ်သက်လို့ VAR က ရှင်းလင်းတဲ့ သက်သေ မရှိခဲ့တာကြောင့် ကွင်းထဲက ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်ကို အတည်ယူခဲ့တာဖြစ်တယ်။ ဒါကြောင့်ပဲ ဂိုးပေးဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။