အာဆင်နယ် ဝက်စ်ဟမ်းကို ရှုံးခဲ့ပေမယ့် သူကတော့ ပျော်ရွှင်နေမိတယ် ဆိုတဲ့ ဂန်းနားဟောင်းကြီး အွန်နရီ

အမ်းမရိတ်မှာ ယှဉ်ပြိုင်ကစားတဲ့ အာဆင်နယ် ၀-၂ ဝက်စ်ဟမ်း ပွဲအပြီးမှာ Amazon Prime က တစ်ဆင့် ပရီးမီးယားလိဂ် ကစားသမားဟောင်းတွေဖြစ်တဲ့ အလန်ရှီးယား၊ အွန်နရီနဲ့ ဒီဖိုးတို့ စကားပြောမှု အနည်းငယ် ပြုလုပ်ခဲ့ကြပါတယ်။

အလန်ရှီးယားက အွန်နရီကိုလည်း Top 4 ဝင်မယ့် အသင်းတွေကို ခန့်မှန်းပေးဖို့ တိုက်တွန်းရာမှာ ဂန်းနားဟောင်းကြီးက

‘ ကျနော် မဖြေနိုင်ပါဘူး။ ခရစ္စမတ်မှာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ရောက်နေရင် ကျနော်တို့ ဖလားရလေ့ မရှိပါဘူး။ ဒါကြောင့် အခုလို ထိပ်ဆုံးမှာ ရှိမနေတာကို ကျနော်တော့ ပျော်ပါတယ်။

ဖေဖော်ဝါရီလလောက်ဆိုရင် ပြန်ဖြေပေးနိုင်ပါပြီ။ အဲ့မတိုင်ခင်တော့ မှန်းဆတာလောက်ပဲ လုပ်နိုင်ကြမှာပါ။ ကျနော်က အဲ့လို လျှောက်ပြီး ခန့်မှန်းနေရတာ မကြိုက်ပါဘူး ‘ လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ခေတ်မှာ အာဆင်နယ်ဟာ ခရစ္စမတ်ကာလ ချန်ပီယံ ၃ ကြိမ် ဖြစ်ခဲ့ပြီး ၃ ကြိမ်လုံး ချန်ပီယံဆုနဲ့ ဝေးကွားခဲ့ပါတယ်။ 2007/08 မှာ အဆင့် ၃၊ 2002/03 မှာ အဆင့် ၂ နဲ့ ပြီးခဲ့တဲ့ ရာသီ 2022/23 မှာက အဆင့် ၂ ရရှိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၉ ပွဲ ကစားပြီး လီဗာပူးက ၄၂ မှတ်ဖြင့် ဇယားထိပ်မှာ ရှိနေကာ အာဆင်နယ်ကတော့ ရမှတ် ၄၀ ဖြင့် ဒုတိယနေရာကနေ ရာသီဝက်ကို ကျော်ဖြတ်တော့မှာပဲ ဖြစ်ပါတယ်။