ပါလ်မာရဲ့ ရှယ်ခြေစွမ်းကြောင့် လူတန်ကို အပီဖြိုနိုင်ပြီ ထင်ပြီးမှ နောက်ဆုံးမိနစ်ထိ ရင်ပူခဲ့ရတဲ့ ချယ်ဆီး

ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ အဖြစ် လူတန်တောင်းကွင်းထံ သွားရောက် ယှဉ်ပြိုင်ရာမှာ ၃-၂ ဖြင့် အနိုင်ရခဲ့ပြီဖြစ်ပါတယ်။

ဘရိုဂျာကို တိုက်စစ်တင်ပြီး ဂျက်ဆန်၊ ပါလ်မာနဲ့ မာဒူခီတို့ကို အနောက်က ပံ့ပိုးစေတဲ့ နည်းပြပိုချက်တီနိုရဲ့ ရွေးချယ်မှုဟာ ဒီပွဲမှာ အလုပ်ဖြစ်ခဲ့သလို ကောင်းမွန်တဲ့ တိုက်စစ် ပုံစံကောင်းတွေကို မြင်ခဲ့ရပါတယ်။

ပွဲအစပိုင်းမှာ အပြန်အလှန် ကစားမှု အနည်းငယ် မြင်ခဲ့ရပေမယ့် လူတန်တောင်းဘက်က ဆိုးရွားတဲ့ လူပေးမှားမှုကနေ ပါလ်မာ အဖွင့်ဂိုး သွင်းယူနိုင်တဲ့နောက် ချယ်ဆီးက သိသိသာသာ ဦးဆောင်သွားခဲ့ပါတယ်။ ဒုတိယဂိုးကတော့ မာဒူခီက ပါလ်မာရဲ့ ဖြန့်ပေးမှုကနေ ဧရိယာထဲ ဝင်ရောက်သွားပြီး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

လူတန်တောင်းဘက်က ဖြတ်တင်ဘောတွေ အတော်လေး အားကိုးပေမယ့် ချယ်ဆီး ဂိုးသမား ပီထရိုဗစ် အကောင်းဆုံး ကာကွယ်ထားနိုင်ပါတယ်။

ဒုတိယပိုင်းမှာပဲ ဂျက်ဆန်ရဲ့ ဖန်တီးပေးမှုကနေ ပါလ်မာက သွေးအေးအေးဖြင့် ဧရိယာထဲမှာ အဆုံးသတ်ပြခဲ့တာဖြစ်ပါတယ်။ အဲ့နောက် မိနစ် အနည်းငယ်အကြာ လူတန်တောင်းတို့ ပထမဆုံး ဂိုးသွင်းပေမယ့် လူကျွံနေခဲ့ပါတယ်။

ချယ်ဆီးက ၃-၀ ဖြင့် ဦးဆောင်ထားနိုင်ချိန်မှာ ခံစစ်ပိုင်း အမှားတွေက စတင်လာခဲ့ပါတယ်။ ဘောလုံးကို ကောင်းကောင်းခုခံနိုင်ခြင်း မရှိရာက လူတန်တောင်းတို့ အခွင့်အရေးတွေ စတင်ရရှိလာပါတယ်။

မထင်မှတ်ဘဲ ဘာကလေ ဧရိယာထိပ်နားကနေ ဂိုးသွင်းနိုင်ခဲ့ရာက လူတန်တောင်းတို့ စိတ်အားတက်လာခဲ့ပြီး ဆက်တိုက် ဖိအားပေးလာခဲ့တယ်။ ပီထရိုဗစ် အံ့မခန်း ကာကွယ်မှု တစ်ကြိမ် လုပ်ခဲ့ရပေမယ့် ပွဲချိန် ၈၇ မိနစ်မှာ လူတန်တောင်းတို့ ဖြတ်တင်ဘောကောင်းကနေ ဒုတိယ ခြေပဂိုး ထပ်ရခဲ့ပါတယ်။

နောက်ဆုံး ပွဲချိန်တွေမှာ လူတန်တောင်က သရေရလဒ်အတွက် အတော်လေး ကြိုးစားခဲ့တာမို့ ချယ်ဆီးတို့ အကျိတ်အနယ် ခုခံခဲ့ရသေးတာ ဖြစ်ပါတယ်။ ဒီပွဲမှာ လူတန်ဘက်က ဖြတ်တင်ဘော ၃၆ ကြိမ်ထိ ပြုလုပ်ခဲ့ပြီး ချယ်ဆီးဘက်က အဲ့အပိုင်းကို တားဆီးဖို့ လိုအပ်ချက်တွေ များခဲ့ပါတယ်။

အစွမ်းကုန် ကြိုးစားပေမယ့် လူတန်တောင်းတို့ နောက်ထပ် ချေပဂိုး မရခဲ့ခြင်းနဲ့အတူ ချယ်ဆီးက နိုင်ပွဲ ရယူခဲ့ပြီး အဆင့် ၄ နေရာက မန်စီးတီးနဲ့ ၉ မှတ်ပဲ ကွာဟတော့တာ ဖြစ်ပါတယ်။