အီတီဟက်မှာ စီးတီးကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ပဲ ရှုံးခဲ့တာအတွက် ပျော်နေသင့်တဲ့ ရှက်ဖီး

မန်စီးတီးအသင်းကတော့ ကလပ်ကမ္ဘာ့ဖလား ချန်ပီယံကနေ ပြန်လာပြီးတည်းက အကောင်းဆုံး ခြေစွမ်းတွေ ဆက်တိုက် ပြသနေပြီး ရှက်ဖီးကိုလည်း အိမ်ကွင်းမှာ ၂-၀ ဖြင့် သက်သက်သာသာ အနိုင်ယူသွားခဲ့ပြီ ဖြစ်ပါတယ်။

ဟာလန်း မပါနိုင်သေးတာမို့ အဲဗာရက်စ်ကို အထောင်ထားပြီး ဘာနာဒို၊ ဖိုဒန်၊ ဂရီလစ်ချ်တို့ကို နောက်က ရံထားရင်း ပိုင်ဆိုင်မှု အသားပေး ကစားခဲ့တဲ့ ဂွာဒီယိုလာရဲ့ နည်းစနစ်ဟာ ဒီပွဲမှာဆို ပိုတောင် ပြီးပြည့်စုံခဲ့ပါတယ်။

ပွဲအစ ၁၀ မိနစ်ကျော်မှာတင် ကွင်းလယ်ကနေ တောက်လျှောက် ဆွဲတက်လာတဲ့ ရိုဒရီက ဧရိယာထိပ်ကနေ ကန်သွင်းရင်း ဦးဆောင်ဂိုး ရယူခဲ့တာပါ။ ပထမပိုင်းမှာ စီးတီးဟာ ပွဲကို အပြည့်အဝ ထိန်းချုပ်ပေမယ့် သွင်းဂိုး ၁ ဂိုးပဲ ရခဲ့ပါတယ်။

ဘောလုံးပိုင်ဆိုင်မှု ၈၂% လို့ သိရပေမယ့် တစ်ပွဲလုံး မန်စီးတီးခြေထဲမှာပဲ ဘောလုံးရှိထားကာ ဆိုဇာရဲ့ ပိတ်ချက်ကို အခန်ဂျီ တစ်ကြိမ် ကာကွယ်ရတာလောက်ပဲ ရှိခဲ့ပါတယ်။

ရှက်ဖီးဟာ ခံစစ်ကို ဆက်တိုက် ကာကွယ်ရင် ပွဲချိန် မိနစ် ၆၀ လောက်မှာတင် အတော်လေး သက်လုံကျဆင်းသွားသလို ဖိုဒန်ရဲ့ ဖြတ်တင်ဘောက တစ်ဆင့် အဲဗာရက်စ်က ဒုတိယ ဦးဆောင်ဂိုး ရယူခဲ့ပါတယ်။

စီးတီးရဲ့ အညှာအတာကင်းတဲ့ ကစားဟန်ကို ဒီပွဲမှာ မြင်ခဲ့ရပြီး မန်စီးတီးခြေထဲမှာပဲ ဘောလုံးရှိနေတဲ့ထိ ပွဲက လုံးဝကို တဖတ်သတ် ကစားနေခဲ့တာပါ။ ရှက်ဖီးအတွက်ကတော့ ၂-၀ လောက်နဲ့ပဲ ရှုံးခဲ့တာအတွက်ကို ပျော်နေသင့်တာ ဖြစ်ပါတယ်။

အိမ်ကွင်းပရိသတ်တွေဟာ ပွဲမပြီးခင်မှာတင် ‘ချန်ပီယံတွေ ထကြတော့ ခုန်ပေါက်ကြတော့’ လို့ ကြွေးကြော်ကာ ပျော်ရွှင်စွာ အောင်ပွဲခံနေခဲ့ကြတယ်။ ဒီနိုင်ပွဲနဲ့အတူ မန်စီးတီးဟာ ဇယားထိပ်က လီဗာပူးနဲ့ ၂ မှတ်အကွာ တတိယနေရာကို တက်လာခဲ့ပြီ ဖြစ်ပါတယ်။