အာဆင်နယ်ကို ဒိုင်မညစ်ပါဘူး ဆိုချက်ရဲ့ ဂိုးကို ပေးခဲ့တာ မှန်ကန်ကြောင်း ဗီဒီယို သက်သေပြချက် ထွက်ပေါ်

ပြီးခဲ့တဲ့အပတ်တုန်းက အမ်းမရိတ်မှာ ဝက်စ်ဟမ်းတို့ ၂-၀ ဖြင့် အာဆင်နယ်ကို အနိုင်ယူခဲ့စဉ် အဖွင့်ဂိုးအတွက် ကင်မရာ ရှုထောင့်တွေ ထွက်ပေါ်လာခဲ့ပါပြီ။

ပွဲချိန် ၁၃ မိနစ်မှာ ဘိုဝင်ရဲ့ စည်းကျော်သွားပြီလို့ စွပ်စွဲခံရတဲ့ အခြေအနေကနေ ဘောလုံးပေးမှုကို ဆိုချက်က သွင်းယူခဲ့တာပါ။ ဒီဖြစ်ရပ်ကို VAR စစ်ဆေးပေမယ့် ဘောလုံး မကျော်ခဲ့ပါဘူး ဆိုတဲ့ ရှုထောင့်ကို ပြသနိုင်စရာ မရှိခဲ့တာမို့ ကွင်းထဲက ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်အတိုင်း ဂိုးပေးခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်ပရိသတ်တွေကတော့ သွင်းဂိုးကို ခွင့်မပြုသင့်ဘဲ ဘောလုံးက စည်းကျော်နေခဲ့ပြီလို့ ယုံကြည်ခဲ့ကြတယ်။ beIN Sport ကနေပြီး ဒီဖြစ်ရပ်ကို နည်းပညာပိုင်းနဲ့ စစ်ဆေးချက် ပြုလုပ်ပေးလာခဲ့ရာမှာ ဘောလုံးက စည်းမကျော်သေးဘဲ စည်းနဲ့ထိနေဆဲလို့ သိရပါတယ်။

beIN Sport ရဲ့ အစီအစဉ် တင်ဆက်သူ အန်ဒီဂရေးကပဲ ‘ ဘောလုံးရဲ့ အစိတ်အပိုင်း အချို့ကို မြင်ကြပါလိမ့်မယ်။ ဒါကြောင့် ဘောလုံးရဲ့ ဆိုဒ့်အပြည့်ကို ကျနော်တို့ ရေးဆွဲကြည့်လိုက်ရာမှာ ဘောလုံးက စည်းနဲ့ထိနေဆဲ ဖြစ်ပါတယ်။

ဘိုဝင် ကိုယ်တိုင် မသေချာတာလည်း မပြောပါနဲ့။ ဘောလုံးက စည်းလေးနဲ့ ပွတ်ကာသီကာလေးကို ဖြစ်နေတာပါ။ နယူးကာဆယ်ပွဲတုန်းကတော့ ဘောလုံးက မြေပေါ်မှာဆိုတော့ အကဲဖြတ်ရ လွယ်ခဲ့ပေမယ့် ဒီဘောလုံးကတော့ လေထဲမှာဆိုတော့ အကဲဖြတ်ဖို့ ခက်ခဲခဲ့တာပါ ’ လို့ ရှင်းပြသွားပါတယ်။

နယူးကာဆယ်ပွဲတုန်းကလည်း ဘောလုံးက စည်းကျော်ခဲ့တယ်လို့ အာဆင်နယ်ပရိသတ်တွေ စောဒကတက်ခဲ့ပေမယ့် ဘောလုံးက စည်းထဲမှာပဲ ရှိသေးတာမို့ ဂိုးပေးခဲ့တာ မှန်ကန်ကြောင်းကို beIN Sport ကပဲ ဗီဒီယိုနဲ့တကွ ရှင်းပြခဲ့သေးတာ ဖြစ်ပါတယ်။