ပွဲဆက် အရှုံးတွေကြောင့် ဖလားစိန်ခေါ်ဖို့ မပြောနဲ့ Top 4 ထဲမှာ ဆက်ရှိနေဖို့တောင် ရုန်းကန်ရတော့မယ့် အာဆင်နယ်

ဖူလ်ဟမ်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ကစားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ အာဆင်နယ်က လန်ဒန်ပြိုင်ဘက်ကို ၂-၁ ဖြင့် အရေးနိမ့်ကာ ၂ ပွဲဆက် အရှုံးရလဒ်ကို ရင်ဆိုင်ခဲ့ရပါတယ်။

အာဆင်နယ်အသင်းက အစကောင်းခဲ့ပြီး မာတင်နယ်လီရဲ့ ကန်ချက် ပြန်စင်ထွက်လာတဲ့ ဘောလုံးကို ဆာကာက အနီးကပ် ပိတ်သွင်းကာ ဦးဆောင်ဂိုး ယူခဲ့ပါတယ်။ ဆာကာရဲ့ ပိတ်သွင်းမှု အနေအထား လူကျွံနေသယောင်ယောင် ရှိပေမယ့် VAR က ခပ်မြန်မြန် စစ်ဆေးပြီး ဂိုးပေးခဲ့ပါတယ်။

တာထွက်ညံ့ခဲ့တဲ့ အိမ်ရှင် ဖူလ်ဟမ်အသင်းဟာ အဲ့နောက်ပိုင်းမှာ အားထည့် ကစားလာခဲ့ကာ အခွင့်အရေးကောင်းတွေ ဆက်တိုက် ဖန်တီးနိုင်ခဲ့တယ်။ မိနစ် ၃၀ မှာတော့ ဖူလ်ဟမ်တိုက်စစ်မှူး ဂျီမီနက်စ်ကပဲ တောင်ပံက ဖြတ်တင်ဘောကို ပြေးဝင်ပိတ်ကာ ခြေပဂိုး ယူခဲ့ပါတယ်။

အာဆင်နယ်အသင်း တိုက်စစ်ကစားပုံက ချန်ပီယံအသင်း အခြေအနေမျိုး မရှိလှဘဲ ဖရိုဖရဲဆန်လှပြီး ဆာကာ၊ အန်ကတ်တီးရားနဲ့ မာတင်နယ်လီတို့ဟာ စည်းချက်ကျကျ ကစားနိုင်ခြင်း မရှိတာမို့ ပြိုင်ဘက် ဧရိယာဘောက်ထဲ ထိုးဖောက်ချိန်တိုင်း တိုက်စစ်က အမြဲတမ်း လိုအပ်ချက်များလှပါတယ်။

ဒီပွဲမှာ တိုက်စစ်ပိုင်း ယုံကြည်ချက် အားနည်းခြင်းကပဲ အာဆင်နယ်ကို ဒုက္ခတွေပေးနေခဲ့တာပါ။ ဒုတိယပိုင်းမှာလည်း ဆာလီဘာတို့ရဲ့ လူကပ်မှု ညံ့ဖျင်းခြင်းကို အခွင့်အရေးယူပြီး ဖူလ်ဟမ်တို့က ထောင့်ကန်ဘောကနေ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

အာတီတာရဲ့ အသင်းဟာ တိုက်စစ်ပိုင်းမှာ ချိတ်ဆက် လုပ်ဆောင်နိုင်မှုပိုင်း အားနည်းခဲ့သလို ခံစစ်ပိုင်းကလည်း သက်သောင့်သက်သာ မရှိခဲ့ပါဘူး။ အထူးသဖြင့် တိုက်စစ်က ချိတ်ဆက်ကစားပုံ တော်တော်လေး ချာခဲ့ကြပါတယ်။ ဒါကြောင့်ပဲ လိုအပ်တဲ့ အနိုင်ဂိုးတွေ မရခဲ့ကာ ၂ ပွဲဆက် ရှုံးပွဲ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီအရှုံးရလဒ်ကြောင့် ၂၀၂၃ နှစ်ကုန်ကို အနိုင်နဲ့ ပိတ်သိမ်းနိုင်ခြင်း မရှိခဲ့သလို အဆင့် ၄ နေရာထိ ဆင်းပေးခဲ့ရတယ်။ လီဗာပူးက နယူးကာဆယ်ပွဲကို အနိုင်ရမယ်ဆိုရင် အမှတ်ပေးဇယားမှာ ၅ မှတ်ထိ အဖြတ်ခံရတော့မှာ ဖြစ်ပါတယ်။