နားမလည်နိုင်ဖြစ်ရတဲ့ ဂျိုတာရဲ့ ပင်နယ်တီ ဖြစ်ရပ်အကြောင်း ရှင်းပြသွားတဲ့ ကာရေဂါ

လီဗာပူး တိုက်စစ်မှူး ဂျိုတာနဲ့ နယူးကာဆယ် ဂိုးသမား ဒူဘရာကာတို့ ထိတွေ့မှုကနေ ပင်နယ်တီပေးတဲ့ ဖြစ်ရပ်ကို ပရီးမီးယားလိဂ် ကစားသမားဟောင်းတွေက ပြင်းထန်စွာ ဝေဖန်ခဲ့ကြပါတယ်။

ဂျိုတာဟာ နယူးကာဆယ် ခံစစ်ကို ကျော်ဖြတ်ပြီးလို့ ပြိုင်ဘက် ဂိုးသမားကိုပါ လှည့်စားပြီးမှ ဘယ်သူမှ မရှိတော့တဲ့ ဂိုးပေါက်ထဲ ဘောလုံး ကန်ထည့်လိုက်ဖို့ထက် လဲချဖို့ကို ရွေးချယ်ခဲ့တယ်လို့ မှတ်ချက်ပေးခံခဲ့ရပါတယ်။

အာဆင်နယ် ဂန္တဝင်ဖြစ်တဲ့ အီရန်ရိုက်က ” ဂိုးသမား မရှိတော့တဲ့ ဂိုးပေါက်ထဲကို အဆုံးသတ်ဖို့ထက် လဲချဖို့ကို ရွေးချယ်လိုက်တယ်ပေါ့ ” လို့ ဂျိုတာကို ဝေဖန်ခဲ့တယ်။ နယူးကာဆယ် တိုက်စစ်မှူးဟောင်း အလန်ရှီးယားကလည်း ” ရှက်ဖို့တောင် ကောင်းပါတယ် ” လို့ ဒေါသထွက်ခဲ့ပါတယ်။

သူတို့နှစ်ဦးရဲ့ ဒေါသထွက်တဲ့ ဖြစ်ရပ်မှာ ဂျိုတာ ဘာလို့ ဂိုးပေါက်ထဲ ဘောလုံး မကန်ထည့်ဘဲ လဲကျသွားရလဲဆိုတာကို နားမလည်နိုင်ဘူးလို့ ကာရေဂါကလည်း မှတ်ချက်ပေးပါတယ်။

‘ သူ လဲကျစရာ မလိုဘဲ ဆက်ကစားလို့ရပါတယ်။ အဲ့တာက နည်းနည်းလေး ထိခဲ့တာပါ၊ သူ့ကို ထိခိုက်မိစေလောက်အောင် မပြင်းထန်ပါဘူး။ ဘယ်ခြေကို တွန်းရုံတွန်းခဲ့တာပါ။

ဂျိုတာက ခပ်လွယ်လွယ်ပဲ လဲကျသွားတယ်။ ထိတွေ့မှုရှိခဲ့လားဆိုရင် အရမ်းကြီး မရှိခဲ့ဘူး ထင်ပါတယ်။ ပါးပါးလေးတော့ ထိခဲ့မှာပေါ့။ ဘယ်သူမှ မရှိတော့တဲ့ ဂိုးပေါက်ထဲကို မကန်ထဲဘဲ သူလဲကျသွားတာ ကျနော် မယုံနိုင်လောက်အောင်ပါပဲ။ အဲ့တာကို နားမလည်နိုင်ပါဘူး ‘ လို့ ကာရေဂါက ပြောခဲ့တာဖြစ်တယ်။

အဆိုပါ ပင်နယ်တီကို ဆာလာက ပိတ်သွင်းယူခဲ့ကာ နယူးကာဆယ်ကို ၄-၂ ဖြင့် အနိုင်ရခဲ့ရာမှာ နောက်ဆုံးဂိုး ဖြစ်ခဲ့ပါတယ်။