ဂန်းနားတို့ ၈နှစ်တာ စောင့်ကြည့်ခဲ့ရတဲ့ ဘာပေ၊ ဇန်နဝါရီ အတွက် အစီအစဉ်များ၊ တိုမီယာဆု၊ ဒူဘိုင်းထရိန်နင်နဲ့ အာဆင်နယ် ထူးခြား သတင်းများ

ပီအက်စ်ဂျီ တိုက်စစ် ကြယ်ပွင့် အမ်ဘာပေ ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလထဲမှာ သူ့ အနာဂတ် အတွက် ဆုံးဖြတ်ဖို့ ရှိနေပြီး ရီးရဲလ်မက်ဒရစ် အပြင် အာဆင်နယ်နဲ့ လီဗာပူးတို့လည်း အခွင့်အရေး ရှိနေဆဲ လို့ သိရပါတယ်။

အာဆင်နယ် ကင်းထောက် အဖွဲ့ဟာ အမ်ဘာပေ ကို စောင့်ကြည့်ချိတ်ဆက်နေခဲ့တာ ၈ နှစ် ကြာခဲ့ပြီ ဖြစ်ပြီး ၂၀၂၄ ထဲမှာတော့ အဆုံးသတ် အဖြေကို သိရဖို့ ရှိပါတယ်။

အာဆင်နယ်အသင်းဟာ တိုမီယာဆု နဲ့ သက်တမ်းတိုး စာချုပ်သစ် အတွက် ဆွေးနွေးမှု နောက်ဆုံး အဆင့်တွေထဲ ရောက်ရှိနေပြီ လို့ သတင်းထောက် ရိုမန်နိုက ဖော်ပြလာပါတယ်။ ဂျပန်သား နောက်ခံလူဟာ အီတလီ ကလပ်တွေရဲ့ စိတ်ဝင်စားမှု ခံယူနေရပေမယ့် ဇန်နဝါရီမှာ အသင်းပြောင်းဖို့ မရှိပါဘူး။

ဇန်နဝါရီ အပြောင်းအရွှေ့ ကာလစတင်ပြီ ဖြစ်ပေမယ့် တိုက်စစ်မှုးသစ် တစ်ဦး ခေါ်ယူချင်နေတဲ့ အာဆင်နယ်နဲ့ အာတီတာ ရဲ့ ဆန္ဒက ပြည့်ဝဖွယ် မရှိလှပါဘူး။ အဓိက တိုက်စစ် ပစ်မှတ် နှစ်ဦး ဖြစ်တဲ့ အိုဆီမန်နဲ့ အိုင်ဗန် တိုနေးတို့ တန်ကြေးကလည်း သန်း ၁ဝဝ အောက် လျော့ဖွယ် မရှိ ဖြစ်နေပါတယ်။

အသင်း ဒဏ်ရာ ရ လူစာရင်းနဲ့ နိုင်ငံပွဲတွေကြောင့် အာဆင်နယ် အသင်းဟာ ဗဟိုခံစစ်နဲ့ အစွန် ခံစစ် နှစ်နေရာ ဖြည့်တင်းချင်နေသေးပြီး အငှား ဒါမှမဟုတ် နေရာစုံ ကစားနိုင်တဲ့ ကစားသမား တစ်ဦးတော့ ဝယ်ယူဖွယ် ရှိနေပါတယ်။

အာဆင်နယ် အသင်းဟာ လာမယ့် တနင်္ဂနွေနေ့ လီဗာပူးနဲ့ အက်ဖ်အေဖလားပွဲ ကစားပြီးရင် နွေးထွေးတဲ့ နေရောင်ခြည်အောက် ခေတ္တ အနားယူ လေ့ကျင့်ဖို့ ဒူဘိုင်းသို့ ထွက်ခွာရန် စီစဉ်နေပါတယ်။

ဒါပေမယ့် ထိုပွဲ ဒုတိယ အကျော့ ကစားရဖို့ ဖြစ်လာရင် အန်းဖီးမှာ ကန်ရဦးမှာ ဖြစ်လို့ လေ့ကျင့်ရေး သွားမယ့် ရက်ကို လိုက်လျောညီထွေ ဖြစ်အောင် စီစဉ် ရဦးမှာပါ။