အာဆင်နယ်နဲ့ ချယ်ဆီးတို့ အပြိုင်ချိန်နေတဲ့ တိုနေး အတွက် ဘရန့်ဖို့ဒ်ကတော့ တန်ကြေးကို ထပ်ပြီး ဈေးတင် သတ်မှတ်လိုက်ပါပြီ

ဘရန့်ဖို့ဒ်အသင်းဟာ အာဆင်နယ်နဲ့ ချယ်ဆီးတို့ အပြိုင် ပစ်မှတ်ထားနေတဲ့ ၎င်းတို့ တိုက်စစ်မှုး အိုင်ဗန် တိုနေး အတွက် တန်ကြေး အသစ် သတ်မှတ်လိုက်ပြီ လို့ အင်္ဂလန် သတင်းတွေက ဖော်ပြလာပါတယ်။

အင်္ဂလန်သား တိုက်စစ်မှုး တိုနေးကို လန်ဒန်အခြေစိုက် အသင်းကြီးတွေ ဖြစ်တဲ့ ချယ်ဆီးနဲ့ အာဆင်နယ် အပါအဝင် စိတ်ဝင်စား ခေါ်ယူချင်နေတဲ့ ကလပ်တွေ ဝိုင်းနေပါတယ်။ ကစားသမားရဲ့ လက်ရှိ စာချုပ်ကလည်း ဘရန့်ဖို့ဒ်နဲ့ ၁၈ လသာ ကျန်ရှိတာပါ။

ဘရန့်ဖို့ဒ်က တိုနေး ကို ခေါ်ချင်တယ် ဆိုရင် ပေါင် သန်း ၈ဝ အောက် ရှိတဲ့ ဘယ်ကမ်းလှမ်းမှုကိုမှ လက်ခံ ဆွေးနွေးသွားမှာ မဟုတ်ဘူး လို့ ယခင်က လေသံပစ်ထားဖူးပေမယ့် အခုဆိုရင် ထိုထက် ဈေးတင် သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။

The Independent သတင်းအဆိုအရ ဘရန့်ဖို့ဒ်ဟာ တိုနေးအတွက် ပေါင် သန်း ၁ဝဝ ရမှ ရောင်းမယ် လို့ ဈေးပြောင်းလိုက်ပြီ လို့ သိရပါတယ်။

အစောပိုင်း သတင်းတွေတုန်းကတော့ ဘရန့်ဖို့ဒ်ဟာ ပေါင် ၆၅ သန်း ရရင်ကို တိုနေးကို ရောင်းချမယ် ဆိုခဲ့တာပါ။ ဒါပေမယ့် အသက် ၂၇ နှစ် အရွယ် ကစားသမားကို ဘရန့်ဖို့ဒ်က အနည်းဆုံး ဒီရာသီကုန်ထိ ထိန်းသွားလိုပြီး ဈေး ခပ်မာမာ ဆိုနိုင်ခွင့် ရှိနေပါတယ်။

အာဆင်နယ်နဲ့ ချယ်ဆီး အသင်းတို့ဟာ တိုက်စစ်မှုး အသည်းအသန် လိုအပ်နေပေမယ့် ပေါင် သန်း ၁ဝဝ သုံးရင် ဘဏ္ဍာရေး စည်းမျဉ်း ငြိနိုင်တာကြောင့် ကစားသမား ရောင်းထုတ်မှုတွေ ပြုလုပ်နိုင်မှသာ ထိုဈေးကို လိုက်ပေးနိုင်မှာပါ။

လက်ရှိမှာတော့ တိုနေးဟာ လောင်းကစားမှုကြောင့် ဘောလုံး ကစားခွင့် ပိတ်ပင်ခံထားရပြီး ဇန်နဝါရီ ၁၆ ရက်မှ ပြန် ကစားခွင့် ရှိမှာ ဖြစ်ပါတယ်။