ငွေလိုနေတဲ့ အာဆင်နယ်ကတော့ တိုက်စစ်မှုး အန်ကတ်တီယား အတွက် ရောင်းဈေး သတ်မှတ်လိုက်ပြီ

ဇန်နဝါရီ အပြောင်းအရွှေ့မှာ တိုက်စစ်မှုးသစ် ခေါ်ယူချင်နေတဲ့ အာဆင်နယ်က ဘဏ္ဍာရေး စည်းမျဉ်းမငြိအောင် ကစားသမား ရောင်းထုတ် ငွေဖော်မှုတွေ ပြုလုပ်ချင်နေပါတယ်။

ဒါကြောင့် ခရစ္စတယ်ပဲလေ့စ် အသင်းက စိတ်ဝင်စားနေတဲ့ တိုက်စစ်မှုးလေး အန်ကတ်တီးယား အတွက် အာဆင်နယ်ဘက်က ဘယ်ဈေး ရရင် ရောင်းမလဲ ဆိုတာ အသိပေး၊ ဈေးသတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။

အောက်တိုဘာလတည်းက စလို့ အာဆင်နယ် အတွက် ပရီးမီးယားလိဂ် ၂ ပွဲသာ ကစားရသေးတဲ့ အသက် ၂၄ နှစ် အရွယ် အင်္ဂလန်သား တိုက်စစ်သမားကို ပဲလေ့စ်က ခေါ်ယူဖို့ မျက်စိကျနေပါတယ်။

အာဆင်နယ် အတွက် ပရီးမီးယားလိဂ် ပွဲ ၁၉ ပွဲ ကစားပြီးချိန်မှာ အန်ကတ်တီးယားက ၅ ဂိုး သွင်းထားပါတယ်။ ဘောလုံး သုံးသပ်သူ တော်တော်များများ က ဂိုးသွင်းနှုန်းနည်းေ်နတဲ့ အန်ကတ်တီးယားကို ဝေဖန်ထောက်ပြမှုတွေ ရှိခဲ့ပြီး အာတီတာကတော့ သူ့ ကစားသမားဘက်က ကာကွယ်ထားပါတယ်။

အိုင်ဗန် တိုနေးလို ဂိုးသွင်းနှုန်းကောင်း၊ ပရီးမီးယားလိဂ် အတွေ့ကြုံ ရှိပြီးသား တိုက်စစ်မှုး ခေါ်ယူချင်နေတဲ့ အာဆင်နယ် အသင်းဟာ အသုံးစရိတ် သန်း ၁ဝဝ လောက်ထိ သုံးရနိုင်တာကြောင့် လက်ရှိ အသင်းသားတွေကို ရောင်းချ ချင်နေပါတယ်။

အာဆင်နယ်ရဲ့ အရောင်း စာရင်းမှာ အန်ကတ်တီးယားလည်း ပါဝင်နေပြီး ရောင်းဈေး ပေါင် သန်း ၃ဝ လို့ သတ်မှတ်ထားပြီ ဖြစ်ကြောင်း အင်္ဂလန် သတင်းဌာနတွေက ဖော်ပြလာပါတယ်။

ဟေးလန်းအကယ်ဒမီထွက် တိုက်စစ်မှုးကို အာဆင်နယ်သာ ဈေးကောင်းနဲ့ ရောင်းချနိုင်ရင် ဒေါင်ဒေါင်မြည် တိုက်စစ်မှုးသစ် တစ်ယောက် ပြန် ခေါ်ယူနိုင်ဖို့လည်း အခြေအနေ ကောင်းသွားမှာပါ။ ဒါပေမယ့် အာဆင်နယ် ဆိုဈေးကို ပဲလေ့စ်တို့ လိုက်မလား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။