အာဆင်နယ် ၀-၂ လီဗာပူး။ ဆောင်းဝင်လာပြီဖြစ်ကြောင်း သတိပေးလာတဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲ

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ဘက် လီဗာပူးကို အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရာမှာ ၀-၂ ဖြင့် ရှုံးနိမ့်သွားပါတယ်။

နှစ်သင်းလုံးဟာ အဓိက ကစားသမား အချို့ မပါနိုင်ပေမယ့် တောင့်တင်းတဲ့ လူစာရင်းတွေနဲ့ ပွဲထွက်လာခဲ့ကြပါတယ်။ အာဆင်နယ်က ပွဲစတည်းက အခွင့်အရေးတွေ ရခဲ့ကာ နယ်ဆန် တစ်ကိုယ်တော် လွတ်ထွက်သွားမှုကို အသုံးမချနိုင်တာက မယုံနိုင်စရာပါပဲ။

ဆာကာ၊ အိုဒီဂတ်တို့ကလည်း နောက်ထပ် ရလာတဲ့ အခွင့်အရေးတွေမှာ ဖြုန်းတီးခဲ့ကြတယ်။ လီဗာပူးအသင်းဟာ တစ်ချက် တစ်ချက် ခံစစ်ပေါက်သွားပေမယ့် အယ်လီဆန်နဲ့ ကိုနတေးတို့ တော်တော်လေး ကောင်းကြပြီး သမ္ဘာရှိတဲ့ ခံစစ်ပုံစံကို ပြသခဲ့ပါတယ်။

အဓိက ကစားသမား နှစ်ဦးဖြစ်တဲ့ ဆာလာ၊ ဗန်ဒိုက်တို့ မပါချိန်မှာ လီဗာပူးအသင်း အခွင့်အရေး ဖန်တီးမှု သိပ်မလုပ်နိုင်ပေမယ့် အာဆင်နယ်ကတော့ ကျစ်ကျစ်လစ်လစ် မရှိလှဘဲ ပြာယာခတ်နေကာ အပိုင်း အခြေအနေတွေကို ဖြုန်းတီးရင်းပဲ ပထမပိုင်းကို ကုန်ဆုံးခဲ့ပါတယ်။

လီဗာပူးတို့ ရလာတဲ့ အခွင့်အရေး အချို့ကို အဆုံးသတ်ဖို့ ကြိုးစားရာမှာ ထရန့်ရဲ့ ကန်ချက်က ကြောက်စရာကောင်းအောင် ပြင်းထန်ပေမယ့် ဘားတန်းထိခဲ့ပါတယ်။

နည်းပြအာတီတာဟာ အာဆင်နယ်နဲ့ ဆုဖလား စိန်ခေါ်လိုရင် အထောင်တိုက်စစ်ကို အားဖြည့်ဖို့လိုပြီး ဒီပွဲမှာတော့ ဆာကာ၊ မာတင်နယ်လီ၊ ဟာဗက်၊ နယ်ဆန် အစရှိတဲ့ တိုက်စစ်သမား အားလုံးဟာ ထိပ်တန်းအဆင့် ခြေစွမ်းမျိုး မပြနိုင်ခဲ့ပါဘူး။

လီဗာပူးက ထရန့်ရဲ့ တည်ကန်ဘောကနေ ဦးဆောင်ဂိုး ယူခဲ့ပြီး ကီဝီအာ ရှင်းထုတ်ပုံ မသေသပ်ရာက ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့တာပါ။ ပွဲပြီးခါနီးမှာ ဒီယက်စ်ကပဲ အာဆင်နယ် ခံစစ် အားနည်းမှုကနေ အပြင်းကန်သွင်းခဲ့ပါတယ်။

အာဆင်နယ်ဟာ ခရစ္စမတ်ကာလမှာ ပရီးမီးယားလိဂ်ကို ဦးဆောင်ပြီးတည်းက ဆက်တိုက် ခြေစွမ်း ဆိုးရွားနေပြီး အက်ဖ်အေဖလားကနေလည်း ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။