ချယ်ဆီး ဝင်ပါလာတဲ့ အာဆင်နယ် ပစ်မှတ်၊ ဒူဘိုင်းလိုက်မယ့် ဂျေးဆု၊ ခံစစ် ပစ်မှတ် အိုဒိုဂူနဲ့ အာဆင်နယ် အပြောင်းအရွှေ့ သတင်းများ

အာဆင်နယ် ပစ်မှတ်ထားနေတဲ့ အဲဗာတန် ကွင်းလယ် ကစားသမား အင်ဒရီ အိုနာနာ ရဲ့ အေးဂျင့် ဖြစ်သူကို လန်ဒန်မှာ တွေ့လိုက်ရပါတယ်။ အေးဂျင့် မယ်လီဆာ အိုနာနာ ကိုယ်တိုင်က သူမ လန်ဒန်မှာ ရောက်နေတဲ့ ဓာတ်ပုံကို လူမှုကွန်ယက်မှာ တင်ခဲ့တာပါ။

အဆိုပါ ကွင်းလယ်ကစားသမား အိုနာနာ ကို ခေါ်ယူရေး ချယ်ဆီးအသင်းကလည်း ပါဝင် လှုပ်ရှားနေပြီ လို့လည်း သတင်း ထွက်နေပါတယ်။

အာဆင်နယ် အသင်းဟာ ဝုဗ်ဘတ် အသင်းထံမှ အသက် ၁၇ နှစ် အရွယ် ဗဟိုခံစစ်မှုး ဒေးဗစ် အိုဒိုဂူ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဒေးလီးမေးလ် သတင်းက ဖော်ပြလာပါတယ်။

အလားအလာ ကောင်းတွေ ရှိနေတဲ့ ခံစစ်မှုးလေးကို ချယ်ဆီး၊ ဘရန့်ဖို့ဒ် တို့ကလည်း ချိန်ရွယ်နေတာကြောင့် အာဆင်နယ် တို့ အလွယ်တကူတော့ ရနိုင်မှာ မဟုတ်ပါဘူး။

ကွင်းလယ် ကစားသမား ခေါ်ယူဖို့ အတွက် ဆိုရင်တော့ စမစ်ရိုး ဒါမှမဟုတ် အန်ကတ်တီးယား ကို ရောင်းချပြီးမှသာ ဖြစ်နိုင်ဖွယ် ရှိပါတယ်။

ဇန်နဝါရီမှာ အာဆင်နယ် လက်ရှိ ဦးစားပေး လှုပ်ရှားနေတာက နောက်ခံလူ အသစ်၊ အထူးသဖြင့် ဘယ်နောက်ခံ နေရာ ကစားနိုင်တဲ့ သူ တစ်ယောက်ကို အငှားနဲ့ ခေါ်ယူဖို့ ဖြစ်တယ် လို့ အင်္ဂလန် သတင်းတွေ အဆိုအရ သိရပါတယ်။

အာဆင်နယ် နည်းပြ အာတီတာက ဇန်နဝါရီလထဲ နွေးထွေးတဲ့ နေရောင်ခြည် ရှိရာ ဒူဘိုင်းသို့ သွားမယ့် စခန်းသွင်း လေ့ကျင့်ရေးမှာ တိုက်စစ်မှုး ဂျေးဆုလည်း ပါဝင်နိုင်မယ် လို့ အတည်ပြုလာပါတယ်။

ဂျေးဆုဟာ ဒဏ်ရာရှိနေတာကြောင့် လီဗာပူးနဲ့ အက်ဖ်အေ ပွဲကို လွဲချော်ခဲ့ပေမယ့် ဒဏ်ရာ ပြင်းထန်ပုံ မရတာကြောင့် ထရိန်နင်မှာ ပူးပေါင်းနိုင်မှာပါ။