အိုနာနာကို မကမ်းလှမ်းသေးတဲ့ ဂန်းနားများ၊ မက်ဆီ လက်သစ်လေးကို ချိန်ခြင်း၊ တိုက်စစ် ပစ်မှတ် နက်တိုနဲ့ အာဆင်နယ် အပြောင်းအရွှေ့ သတင်းများ

ဘရန့်ဖိုဒ့် တိုက်စစ်မှူး အိုင်ဗာန်တိုနေးဟာ ချယ်ဆီးကို ကျော်ပြီး အာဆင်နယ်ကို ရွေးချယ်လိုပေမယ့် ရာသီကုန် ထိတော့ အသင်းမပြောင်းလိုသေးပါဘူး။

အာဆင်နယ်အသင်းဟာ နွေမှာ တိုက်စစ်ပိုင်းကို အဓိက အားဖြည့်မှာဖြစ်ကာ ဝုဗ်တိုက်စစ်မှူး နက်တိုကို စိတ်ဝင်စား နေဆဲ ဖြစ်ပါတယ်။

ဇန်နဝါရီဈေးကွက်ကနေ လူသစ် ခေါ်ယူဖို့ အခွင့်အရေးရပါက အာဆင်နယ်တို့ ဝင်ရောက် လှုပ်ရှားမှာဖြစ်ပြီး အငှား ခေါ်ယူမှု မျိုးလည်း ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။

အက်ဖ်အေဖလားပွဲစဉ်အပြီး လီဗာပူး ညာအစွန်လူ အာနိုး ဒဏ်ရာရသွားပါတယ်။ သူဟာ အာဆင်နယ်နဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲမှာတော့ ပြန်သက်သာလာဖွယ် ရှိပါတယ်။

အဲဗာတန်အသင်းဟာ သူတို့ရဲ့ ဘဏ္ဍာရေး အခြေအနေအရ ကွင်းလယ် ကစားသမား အိုနာနာအတွက် ကမ်းလှမ်း လာမှုတွေကို နားထောင်သွားမှာ ဖြစ်ပေမယ့် အာဆင်နယ်အသင်းက အခုထိ တရားဝင် ကမ်းလှမ်းမှု မလုပ်ရသေးပါဘူး။

ရီးရဲလ်မက်ဒရစ်ဟာ အာဆင်နယ် စိတ်ဝင်စားနေတဲ့ စပို့တင်း ခံစစ်မှူး Ousmane Diomande ကို ခေါ်ယူရေးမှာ ဝင်ပါမယ့် အရိပ်အယောင်တွေ ပြသလာပါတယ်။

မက်ဆီလက်သစ် လို့ နာမည်ကြီးကာ ‘မက်ဆင်ဟို’ လို့ ခေါ်ကြတဲ့ ဘရာဇီး လူငယ်ကြယ်ပွင့်လေး ကို ချိန်ရွယ်နေတဲ့ အသင်းတွေထဲ အာဆင်နယ်လည်း ပါဝင်နေကြောင်း စပိန် သတင်းတွေက ဖော်ပြလာပါတယ်။

ဒူဘိုင်းကို လေ့ကျင့်ရေး ထွက်ခွာမယ့် အာဆင်နယ်အသင်းနဲ့အတူ ကစားသမားတွေရဲ့ မိသားစုဝင်တွေ လိုက်ပါခွင့်ပြုဖို့ အာတီတာက ခွင့်ပေးထားပါတယ်။