တိုနေး တန်ကြေး တဝက်လောက်ပဲ ရှိပြီး ယူနိုက်တက်လည်း ချိန်နေတဲ့ တိုက်စစ်မှုးကို အာဆင်နယ် ပစ်မှတ်ထားလာ

အာဆင်နယ်အသင်းဟာ ဒီ ဇန်နဝါရီ အပြောင်းအရွှေ့ မှာ ဘရန့်ဖို့ဒ် တိုက်စစ်မှုး အိုင်ဗန် တိုနေးကို ခေါ်ယူဖို့ မဖြစ်နိုင်တော့တာကြောင့် အခြားသော တိုက်စစ် ပစ်မှတ်အဖြစ် မန်ချက်စတာ ယူနိုက်တက် ချိတ်ဆက်နေတဲ့ ဘိုလော့ညာ တိုက်စစ်မှူး ဂျိုရှုဝါ ဇီရစ်ဇီး ကို ပစ်မှတ်ထားလာပါတယ်။

နည်းပြ အာတီတာဟာ အာဆင်နယ် တိုက်စစ်အတွက် တိုနေး ဒါမှမဟုတ် အိုဆင်မန်တို့ထဲက တစ်ဦးဦးကို ခေါ်ယူလိုတာပါ။ ဈေးကွက်တန်ကြေး ပေါင် သန်း ၁ဝဝ စီလောက် တောင်းဆိုခံနေရတဲ့ တိုက်စစ်မှူး နှစ်ဦးလုံးဟာ ဇန်နဝါရီ ထက် ရာသီကုန် နွေမှပဲ အသင်းပြောင်းဖွယ် ရှိနေကြပါတယ်။

အာဆင်နယ်က သူတို့ နှစ်ဦးကို ဇန်နဝါရီမှာ သန်း ၁ဝဝ ပေးနိုင်စွမ်းလည်း မရှိတာမို့ အခြားသော ပစ်မှတ် တွေဘက် ဦးလှည့်လာပါတယ်။

နာမည်ကြီး တယ်လီဂရပ်ဖ် သတင်းအဆိုအရတော့ အာဆင်နယ်က ဘိုလော့ညာအသင်းမှ နယ်သာလန်သား တိုက်စစ်မှူး ဇီရစ်ဇီး ကို နီးနီးကပ်ကပ် စောင့်ကြည့်လာတယ်လို့ ဖော်ပြပါတယ်။ ၎င်းကို မန်ချက်စတာ ယူနိုက်တက်ကလည်း ပစ်မှတ်ထားနေတာပါ။

၂၀၂၂ ဩဂုတ်လမှာတုန်းက ဘိုင်ယန်မြူးနစ်ကနေ ပေါင် ၁၀ သန်းဖြင့် ခေါ်ယူထားရတဲ့ တိုက်စစ်မှူးအတွက် စီးရီးအေ ကလပ်ကတော့ ပေါင် သန်း ၅၀ တောင်းဆိုမှာဖြစ်ပါတယ်။ ဒါဟာ တိုနေးရဲ့ တန်ကြေး တဝက်သာ ရှိပါတယ်။

ဒီရာသီ စီးရီအေမှာ ကိုယ်တိုင် ၇ ဂိုး သွင်းထားတဲ့ ဇီရစ်ဇီးဟာ ပရီးမီးယားလိဂ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အားပြုမှုအတွင်း အံဝင်ဖွယ် ရှိပါတယ်။

ဘိုင်ယန်မြူးနစ်ကလည်း ပေါင် ၁၉ သန်းဖြင့် ပြန်လည် ဝယ်ယူခွင့်ရှိထားတဲ့ နယ်သာလန်သားအပေါ် စိတ်ကုန်သေးတာ မဟုတ်ပါဘူး။ အာဆင်နယ်ဟာ ဇီရစ်ဇီးအပြင် ဂီတာဖေးမှ Borja Mayoral ကိုလည်း စိတ်ဝင်စားပြီး ပေါင် ၂၂ သန်းဖြင့် ကမ်းလှမ်းမှု ပြုလုပ်ထားတယ်လို့ သတင်းထွက်နေတာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်ဖို့ရာ တိုက်စစ်ပိုင်း အားနည်းနေတာမို့ ဇန်နဝါရီမှာ နံပါတ် ၉ သမား တစ်ဦးကို ခေါ်ယူနိုင်ရေး အားထုတ်နေတာပဲ ဖြစ်ပါတယ်။