အာဆင်နယ် ပခုံးချင်း ယှဉ်လာပေမယ့် တကယ့်ပြိုင်ဘက်က သက်သက် ရှိတယ် ဆိုတဲ့ စီးတီးကွင်းလယ်လူ ရိုဒရီ

ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ ကလပ် ၅ သင်းလောက်က အပြိုင် ကြိုးစားနေကြတာ ဖြစ်ပြီး လက်ရှိ ချန်ပီယံ မန်စီးတီးဟာ ခက်ခဲတဲ့ ဘောလုံးရာသီ တစ်ခုကို ကျော်ဖြတ်နေရပါတယ်။

မနှစ်က အဓိက ပြိုင်ဘက်ဟာ အာဆင်နယ် ဖြစ်ပေမယ့် ဒီနှစ် မန်စီးတီး ပါဝင်နေတဲ့ ပရီးမီးယားလိဂ် ပြိုင်ဆိုင်မှုအကြောင်း မေးခံရချိန်မှာ ကွင်းလယ်လူ ရိုဒရီက ပြိုင်ဘက်ဟောင်း လီဗာပူးကို သတိကြီးထားနေကြောင်း ဖြေကြား တုန့်ပြန်ခဲ့ပါတယ်။

ရိုဒရီ က “ ခင်ဗျားလာမေးတာကို ဖြေပေးရရင် ကျနော်တို့ရဲ့ တကယ့် ပြိုင်ဘက် စစ်စစ်က လီဗာပူးပေါ့။ ဘာလို့လဲဆိုတော့ အရင်နှစ်တွေတုန်းက သူတို့အသင်း ဆုဖလား အောင်မြင်မှု အတွေ့အကြုံတွေ ရှိထားပြီးပါပြီ။

မနှစ်တုန်းက အာဆင်နယ်က အဲ့ဒီလို အဆင့်ကို ရောက်နိုင်ကြောင်း ပြသခဲ့တယ်။ ဒီရာသီမှာ သူတို့က မနှစ်တုန်းက မရှိထားတဲ့ အတွေ့အကြုံတွေ ရှိလာနေပါပြီ။

ဗီလာကလည်း ဘယ်လောက် အင်အားကြီးနေသလဲနဲ့ သူတို့ စိတ်ပြင်းပြမှုတွေ၊ ရည်မှန်းချက်တွေ ဘယ်လောက် ကောင်းလဲ မြင်ကြတာပဲလေ။ ပထမဆုံးအကြိမ် ဖလားစိန်ခေါ်ရတာက မလွယ်ပါဘူး ဒါပေမယ့် ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူကကော သိမှာလဲ။

စပါးက ပုံစံကောင်းတွေ ကစားနေပါတယ်။ အသင်းတွေ အများကြီးအကြောင်း အကောင်းမြင်စရာတွေ ပြောလို့ရပါတယ်။ ဒါပေမယ့် ဘယ်အသင်း ဖလားအောင်မြင်ဖို့ ရေပန်းစားလဲဆိုရင်တော့ ကျနော် ရွေးချယ်မှာ မန်စီးတီးပဲပေါ့ ” လို့ ပြောဆိုခဲ့တာပါ။

လီဗာပူးအသင်းဟာ အမှတ်ပေးဇယား ဒုတိယနေရာက အက်စတွန်ဗီလာကို ၃ မှတ်ဖြတ်ထားပြီး စီးတီးလို့ လက်ကျန် ၁ ပွဲကို အနိုင်ရမယ်ဆိုရင်တော့ ဇယားထိပ်နဲ့ ၂ မှတ်အကွာ ဒုတိယနေရာကို ဝင်ယူနိုင်မှာပဲ ဖြစ်ပါတယ်။