ပရီးမီးယားလိဂ် နိုင်ပွဲတွေ ဆက်လာတဲ့ ချယ်ဆီးတို့ ယူနိုက်တက်ကို ကျော်တက်သွားပါပြီ

ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လန်ဒန်ကလပ် ဖူလ်ဟမ်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့ရာမှာ ပါလ်မာရဲ့ ပင်နယ်တီ သွင်းဂိုး တစ်ဂိုးတည်းဖြင့် အနိုင်ရခဲ့ကာ ပရီးမီးယားလိဂ် ၃ ပွဲဆက် အနိုင်ပြန်ရလာပြီ ဖြစ်ပါတယ်။

ကိုးဝဲလ်ကို ဘယ်ခြမ်းမှာ ထပ်မံ ပွဲထုတ်ခဲ့သလို တိုက်စစ်မှူးအဖြစ် ဘရိုဂျာ ပါဝင်လာခဲ့တယ်။ ကွင်းလယ်ကတော့ လက်ရှိ အကောင်းဆုံး တွဲဘက်ဖြစ်တဲ့ ကိုင်ဆီဒို၊ အန်ဇိုနဲ့ ဂါလယ်ဂါတို့ဖြစ်ကာ ပါလ်မာနဲ့ စတာလင်တို့က တိုက်စစ်မှူးကို ပံ့ပိုးပေးသူတွေ နေရာက ပွဲထွက်လာကြပါတယ်။

ပထမပိုင်းမှာ ထုံးစံမပျက် ချယ်ဆီးတို့ ဘောလုံး ပိုင်ဆိုင်မှုရပေမယ့် အဆုံးသတ်ပိုင်း အားနည်းခဲ့ပါတယ်။ စတာလင်ထံက ဖန်တီးမှုတွေ မြင်ရပေမယ့် သွင်းဂိုး ၂ ဂိုးလောက် ရသင့်တဲ့ အခြေအနေက ဖြုန်းတီးမှုအဖြစ်ပဲ ပြီးဆုံးခဲ့ရတယ်။

ဖူလ်ဟမ်အသင်းရဲ့ ကောင်တာ ပုံစံတွေ အလုပ်ဖြစ်မလိုတွေ ရှိခဲ့ပါတယ်။ ဒီပွဲမှာ ဂူစတိုဟာ ဖူလ်ဟမ်တိုက်စစ်သမား ဝီလီယမ်ကို အဝင်ကြမ်းခဲ့တာ အနီကတ် ပေးလို့ရလောက်ပေမယ့် ဒိုင်ဘက်က သက်ညှာခဲ့ပါတယ်။ ဒီရာသီ တူညီတဲ့ ဖြစ်ရပ်တွေမှာ အနီကတ်လို့ ပေးလေ့ရှိလို့ ချယ်ဆီးအသင်း ကံကောင်းတယ် ပြောရမှာပါ။

ပထမပိုင်း ပြီးခါနီးရလာတဲ့ ပင်နယ်တီကိုတော့ ပါလ်မာက အေးအေးဆေးဆေး အဆုံးသတ်ပြီး ဦးဆောင်ဂိုး ရယူပေးခဲ့ပါတယ်။

ဒုတိယပိုင်းကတော့ ပိုပြီး ဒါဘီပွဲဆန်လာခဲ့ပြီး ဖူလ်ဟမ်တို့ ခြေပဂိုး ရယူဖို့ အားထုတ်ခဲ့ပေမယ့် ဂိုးမရခဲ့ပါဘူး။ ချယ်ဆီးကလည်း ဒုတိယဂိုး ရလောက်တဲ့ အခြေအနေတွေ ထပ်ရှိပေမယ့် ထုံးစံအတိုင်း တိုက်စစ်က အဆုံးသတ်ချက်တွေ ညံ့ဖျင်းခဲ့ပါတယ်။

ဒီပွဲမှာ တိုက်စစ်ပိုင်း အားနည်းချက်တွေ ထပ်မံ မြင်ခဲ့ရသလို ချယ်ဆီးဂိုးသမား ပီထရိုဗစ်ကလည်း ကာကွယ်မှု အချို့ကို အကောင်းဆုံး လုပ်ပေးခဲ့ပါတယ်။ နိုင်ပွဲကြောင့် ချယ်ဆီးဟာ ယူနိုက်တက်ထက် ပွဲအရင်ကစားပြီး အဆင့် ၈ နေရာကို ကျော်တက်သွားပါပြီ။

ချယ်ဆီးနဲ့ အဆင့် ၄ နေရာက အာဆင်နယ်ကြား ၉ မှတ်ပဲ ကွာဟတာဖြစ်လို့ အိမ်ကွင်း နိုင်ပွဲဆက်နေတဲ့ ပုံစံတွေကို ဆက်ထိန်းနိုင်ရင် ထိပ်ဆုံး ၄ သင်းထဲ ဝင်နိုင်ရေး မျှော်လင့်ချက် ရှိနေဆဲပဲ ဖြစ်ပါတယ်။