လုခ်ရှော အပါအဝင် ချယ်ဆီးအသင်း ချိန်ရွယ်နေတဲ့ ဘယ်နောက်ခံလူ ပစ်မှတ်များ ထွက်ပေါ်

ချယ်ဆီးအသင်းဟာ လူငယ် နောက်ခံလူ အိုင်ယန် မက်ဆန် ကို ရာသီကုန်ထိ ဒေါ့မွန်မှာ ကစားဖို့ အငှားချပြီးနောက် အစားထိုး ပစ်မှတ်တွေကိုလည်း ရှာဖွေနေပြီ ဖြစ်ပါတယ်။ မတ်ဆန်ရဲ့ ချယ်ဆီးနဲ့ စာချုပ်မှာ စာချုပ် ဖျက်သိမ်းကြေး ပါဝင်ပြီး နွေမှာ ကြိုက်ဈေးရရင် ချယ်ဆီးက ရောင်းချဖို့ ရည်ရွယ်ထားပြီ ဖြစ်ပါတယ်။

ချယ်ဆီးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေ အဆိုအရတော့ မတ်ဆန်ကို လက်လွှတ်ပြီး အစားထိုး ပြန်ခေါ်ဖို့ ချယ်ဆီး ချိန်ရွယ်နေတဲ့ ပစ်မှတ်တွေထဲမှာ ယူနိုက်တက် နောက်ခံလူ လုခ်ရှောလည်း ပါဝင်နေတယ် လို့ သိရပါတယ်။

နည်းပြ ပိုချက်တီနိုဟာ လုခ်ရှောနဲ့ ဆောက်သမ်တန်မှာ ဆုံဖူးပြီး အင်္ဂလန်သားဆီက အကောင်းဆုံး စွမ်းဆောင်ရည် ရအောင် ဘယ်လို ထုတ်ယူရမလဲ သိတယ်လို့လည်း ယုံကြည်ချက် ရှိနေပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကတော့ သူတို့ရဲ့ အင်္ဂလန်သား ကစားသမားကို ပြိုင်ဘက် အသင်းကြီး တစ်သင်းထံ ရောင်းထုတ်ဖို့ မသေချာပေမယ့် ရှောရဲ့ လက်ရှိ စာချုပ်ကလည်း နောက်ဆုံးနှစ်ထဲ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းရဲ့ ဘယ်နောက်ခံ ပစ်မှတ်ထဲမှာ မန်စီးတီးမှ စပိန်သား နောက်ခံလူ ဆာဂျီယို ဂိုမက်ဇ် လည်း ပါဝင်ပါတယ်။ ၎င်းကလည်း ဒီရာသီ ပရီးမီးယားလိဂ်ပွဲ ၂ ပွဲသာ ကစားထားရတာပါ။

ချယ်ဆီးအသင်းဟာ ဖူလ်ဟမ် နောက်ခံလူ အန်တိုနီ ရော်ဘင်ဆန် ကိုလည်း သဘောကျနေပြီး ဒီရာသီ လိဂ်ပွဲ ပုံမှန် ကစားနေတဲ့ ရော်ဘင်ဆန် ဟာ မတ်ဆန် နေရာ ကွက်တိ အစားထိုးနိုင်သူ လို့လည်း မြင်ထားပါတယ်။

ဘန်ချေးဝဲလ်နဲ့ ကူကူရယ်လာ တို့ရဲ့ ဒဏ်ရာ များလွန်းတဲ့ မှတ်တမ်းတွေကြောင့်လည်း ချယ်ဆီး အသင်းဟာ ဇန်နဝါရီမှာတင် ဘယ်နောက်ခံလူသစ် ခေါ်ယူဖို့ စဉ်းစားနေပါတယ်။