ပဲလေစ့် နိုင်ပွဲအပြီး အာဆင်နယ်ကို ဝေဖန်သူတွေအား ပြတ်ပြတ်သားသား တုန့်ပြန်စကား ပြောဆိုတဲ့ ဂါဘရီရယ်

လန်ဒန်ဒါဘီပွဲအဖြစ် ပဲလေစ့်ကို ဧည့်ခံကစားရာမှာ အာဆင်နယ်ဟာ ဂါဘရီရယ်ရဲ့ ခေါင်းတိုက်ချက်တွေ၊ ထရော့ဇတ်ရဲ့ ကောင်တာ သွင်းဂိုး၊ မာတင်နယ်လီရဲ့ ပွဲပြီးခါနီး သွင်းဂိုးတို့ဖြင့် ၅-၀ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

ဒီနေ့ပွဲမှာ အာဆင်နယ်အတွက် မတူညီတဲ့ ကစားသမား ၃ ဦးက ဂိုးတွေ ရယူပေးနိုင်ခဲ့ပါတယ်။ အာဆင်နယ်မှာ ဂိုးသွင်းနိုင်စွမ်းရှိတဲ့ နေရာစုံက ကစားသမားတွေ များပြားနေပေမယ့်လို့ နိုင်ပွဲအတွက် တိုက်စစ်သမားတွေ ဂိုးရနိုင်စွမ်း အားနည်းနေတာပါ။

ခံစစ်မှူး ဂါဘရီရယ်က ” သိပ်ကို အရေးကြီးပါတယ်။ ကျနော်တို့တွေ ကိုယ့်ရဲ့ အရည်အချင်းကို သိပါတယ်။ အပြင်ကလူတွေ ကျနော်တို့နဲ့ ပတ်သက်လို့ ဘယ်လောက်ပဲ ဝေဖန်နေပါစေ၊ ကျနော်တို့ကတော့ ကိုယ့်ဘာသာ ယုံကြည်တယ်။

ဒီနေ့ပွဲမှာ ကျနော်တို့ အာဆင်နယ် ဘာလုပ်နိုင်လဲဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်။ အခုလိုမျိုး ဂိုးတွေသွင်းပြီး ခံစစ်ကလည်း ဂိုးမပေးရတာမျိုးကို လုပ်ပြနိုင်ဖို့ လိုတယ်ဆိုတာ သိထားပါတယ်။

အသင်းရဲ့ မျှော်လင့်ချက်ကို သိထားတာကြောင့် အခုလိုမျိုး အကောင်းဆုံး ဆက်လက် လုပ်ပြနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ် ” ဆိုပြီး ပြောပါတယ်။

တည်ကန်ဘောက ဂိုးသွင်းနိုင်တာနဲ့ ပတ်သက်လို့လည်း ” တည်ကန်ဘောမှာ ကျနော်တို့တွေ အများကြီး ကြိုးစားထားပါတယ်။ ကျနော်တို့မှာ တည်ကန်ဘောနဲ့ ပတ်သက်လို့ အရည်အချင်းတွေ ရှိပါတယ်။ ဒီနေ့ ကျနော် ဂိုး ၂ ဂိုး ရခဲ့ပြီး ဆက်ပြီးလည်း ကြိုးစားသွားမှာပါ ” လို့ ဂါဘရီရယ်က ပြောဆိုခဲ့ပါတယ်။