ဆော်ဒီကလပ်ရဲ့ တန်ကြေးကြီး ကမ်းလှမ်းမှုကို ပရီးမီးယားလိဂ် မျှော်လင့်ချက်ကြောင့် ပယ်ချလိုက်တဲ့ မော်ရင်ညို

မော်ရင်ညိုဟာ ဆော်ဒီပရိုလိဂ်ကလပ် Al-Shabab က ကမ်းလှမ်းတဲ့ တန်ဖိုးကြီး စာချုပ်တစ်ခုကို ငြင်းဆန်ပြီး သူ့အနာဂတ်ကို ဥရောပမှာပဲ ဆက်ရှိနေစေဖို့ ဆုံးဖြတ်ထားကြောင်း သဘောထားကို ပြသလာပါတယ်။

ဒီအပတ်မှာပဲ ရိုမားအသင်းက နည်းပြရာထူးကနေ မော်ရင်ညို ထုတ်ပယ်ခံခဲ့ရတာပါ။ ချက်ခြင်းဆိုသလို ဆော်ဒီကလပ်ဘက်က ယူနိုက်တက်နဲ့ စပါး နည်းပြဟောင်းကို သူ့တို့အသင်းအား ကိုင်တွယ်ပေးဖို့ ကမ်းလှမ်းလာခဲ့ခြင်းဖြစ်ကာ မော်ရင်ညိုကတော့ ပယ်ချခဲ့တာ ဖြစ်ပါတယ်။

သို့ပေမယ့် မော်ရင်ညိုဟာ သူ့ကို စိတ်လှုပ်ရှားစေပြီး လှုံ့ဆော်မှုပေးမယ့် အလုပ်မျိုးကို တာဝန်ယူဖို့တော့ အသင့်အနေအထား ရှိနေတယ်လို့ သိရတယ်။ Al-Shabab ဟာ အမှတ်ပေးပွဲ ၁၉ ပွဲမှာ ၅ ပွဲပဲ အနိုင်ရပြီး ဆော်ဒီပရိုလိဂ်ရဲ့ အဆင့် ၁၁ နေရာမှာ ရှိနေတဲ့ အသင်းပဲ ဖြစ်ပါတယ်။

မော်ရင်ညိုကို ခေါ်ယူဖို့ ဆော်ဒီနောက်ခံရှိထားတဲ့ နယူးကာဆယ်အသင်းက စိတ်ဝင်စားနေတာပါ။ နယူးကာဆယ်တို့ဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ ပါဝင် ယှဉ်ပြိုင်ခဲ့ပေမယ့် အုပ်စုအဆင့်က ထွက်ခဲ့ရသလို ပြည်တွင်းပြိုင်ပွဲတွေမှာလည်း ရလဒ်တွေ ဆိုးရွားနေပါတယ်။

ချယ်ဆီးအသင်းကလည်း ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ခဲ့ရင် အစားထိုးဖို့ လျားထားစာရင်းမှာ မော်ရင်ညိုကို ထည့်ထားပါတယ်။

ပရီးမီးယားလိဂ် နည်းပြဘဝ အောင်မြင်မှု များစွာ ပိုင်ဆိုင်ခဲ့တဲ့ မော်ရင်ညိုဟာ အခုချိန်ထိ ဥရောပရဲ့ ထိပ်တန်းနည်းပြအဖြစ် ယုံကြည်ခြင်း ခံထားရဆဲဖြစ်ပါတယ်။