ကာရေဂါ ဖော်ထုတ်လိုက်တဲ့ ဆာလာ၊ ဆွာရက်စ်၊ တောရက်စ်တို့ထက်တောင် ပိုကောင်းတဲ့ လီဗာပူး တိုက်စစ်မှူး

ဂျေမီကာရေဂါကတော့ ဘုန်းမောက်ကို အနိုင်ရတဲ့ပွဲအတွင်း တိုက်စစ်ပိုင်းက ခြေစွမ်းပြခဲ့တဲ့ လီဗာပူး အသင်းသားကို ကမ္ဘာ့အဆင့် အဆုံးသတ်သမားအဖြစ် ချီးကျူးလိုက်ပါတယ်။

ဆာလာ မရှိပေမယ့် လီဗာပူးအသင်း ရလဒ်တွေ ကောင်းမွန်နေဆဲဖြစ်ပြီး ဒါဝင် နူးညက်စ်၊ ဂျိုတာတို့ရဲ့ သွင်းဂိုးတွေ ကိုယ်စီနဲ့ လီဗာပူးတို့ အနိုင်ရခဲ့တာဖြစ်ကာ အခုဆိုရင် ဇယားထိပ်ကို ၅ မှတ်အကွာဖြင့် တက်ရောက်သွားပါပြီ။

အဆိုပါပွဲအတွင်း သွင်းဂိုး ၂ ဂိုး ရယူခဲ့တဲ့ ဂျိုတာဟာ သူ့ခေတ်က အတူတွဲကစားဖူးတဲ့ အိုဝင်၊ ဆွာရက်စ်၊ တောရက်စ်တို့ထက် ပိုကောင်းသူလို့ ကာရေဂါက အသိအမှတ် ပြုပါတယ်။

ကာရေဂါက ‘ ကျနော်က နာမည်ကြီး လီဗာပူးတိုက်စစ်သမား အများကြီးနဲ့ တွဲကစားခဲ့တယ်။ အိုဝင်၊ ဆွာရက်စ်၊ တောရက်စ်၊ ဖောင်လာ စသဖြင့်ပေါ့။ ဂျိုတာကတော့ သူတို့ထက် အဆုံးသတ်ပိုင်း ပိုကောင်းတဲ့ တိုက်စစ်သမားလို့ ထင်ပါတယ်။

ဖောင်လာက အဆုံးသတ်ပိုင်း အတော်လေး ကောင်းမွန်တယ်။ ဒါပေမယ့် ဂျိုတာကတော့ ဒီအပိုင်းမှာ တော်လွန်းပါတယ်။ ရတဲ့အခွင့်အရေးတွေကို အဆုံးသတ်နိုင်စွမ်း ရှိပါတယ်။

ဒါကြောင့်ပဲ ဂျိုတာက ၈၄ မိနစ်တိုင်းမှာ သွင်းဂိုး ဒါမှမဟုတ် ဂိုးထောက်ပံ့မှု ၁ ကြိမ် လုပ်နိုင်တဲ့ မှတ်တမ်းကို ပိုင်ဆိုင်နေတာပါ။ ပရီးမီးယားလိဂ်မှာ သူလို လုပ်နိုင်တဲ့ ကစားသမား ၂ ဦး ဒါမှမဟုတ် ၃ ဦးလောက်ပဲ ရှိပါတော့တယ်

လူတိုင်း ကြံ့ခိုင်နေရင် သူ့ကို ပွဲထုတ်ပါ့မလား မသေချာဘူး။ ဒါပေမယ့် အဆုံးသတ်ပိုင်းမှာတော့ ဂျိုတာဟာ တောရက်စ်၊ ဆွာရက်စ်တင် မကဘူး ဆာလာထက်တောင်မှ ပိုကောင်းတဲ့ ကမ္ဘာ့အကောင်းဆုံး စာရင်းဝင်ပါ ’ လို့ ချီးကျူးခဲ့တာ ဖြစ်ပါတယ်။