မဟာပြိုင်ဘက်ရဲ့ အရေးကြီး ပုဂ္ဂိုလ်ကို ခေါ်ယူပြခဲ့ခြင်းကြောင့် အထင်ကြီးခံနေရတဲ့ ယူနိုက်တက် ပိုင်ရှင်သစ်

မန်ချက်စတာ ယူနိုက်တက်ရဲ့ ရှယ်ယာ ၂၅% ကို ပိုင်ဆိုင်ထားတဲ့ Ineos အဖွဲ့ ဦးဆောင်သူ ဆာဂျင်ရက်ကလစ်ဟာ ဩဇာကြီးမားတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း သတိပြုမိမှုတွေ ရှိလာနေပါပြီ။

အကြောင်းကတော့ သူဟာ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းရဲ့ အကြီးအကဲ တစ်ဦးဖြစ်သူ Omar Berrada ကို မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းလာအောင် စည်းရုံးနိုင်ခဲ့ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။

စီးတီးရဲ့ အဓိက အရာရှိတစ်ဦးဟာ ဒီဇင်ဘာကမှ ယူနိုက်တက် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ စကားပြောခဲ့ကြပြီး ဒီလထဲမှာတော့ တရားဝင် ကြေညာချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ Omar Berrada ဟာ ဟာလန်းကို စီးတီးတို့ ခေါ်ယူနိုင်ဖို့ အဓိက ကြိုးစားသူလည်း ဖြစ်ပါတယ်။

ဆာဂျင်ရက်ကလစ်တို့ဟာ ယူနိုက်တက်ကို တစ်ကျော့ပြန် အောင်မြင်မှုတွေ ဖော်ဆောင်ပေးဖို့ ဘောလုံးဆိုင်ရာ အော်ပရေးရှင်းတွေကို အချိန်ယူ လေ့လာ စိစစ်နေကြတာ ဖြစ်ပါတယ်။ အခုကတော့ ကလပ်ကို ပဲ့ကိုင်ပေးမယ့် တာဝန်ရှိသူတွေ စတင် စုစည်းနေတဲ့ ကာလဖြစ်ပါတယ်။

ရက်ကလစ်တို့ဟာ ပေါင် ၁ ဘီလျံကျော် ရင်းနှီးမြုပ်နှံမှုကို ထပ်မံ ထည့်သွင်းပြီး ယူနိုက်တက်ကို ကွင်းတွင်း ကွင်းပြင် ပြုပြင်ကြမှာဖြစ်ပါတယ်။

ကစားသမား ခေါ်ယူမှုကို နွေမှပဲ ပြုလုပ်လာမယ်လို့ မှန်းဆရကာ နည်းပြတန်ဟက်နဲ့ ရေရှည် ဆက်သွားမလား ဒိပြင် နည်းပြသစ်တစ်ဦးဖြင့် ခေတ်သစ်တစ်ခုကို တည်ဆောက်မလားကတော့ စိတ်ဝင်စားစွာ စောင့်ကြည့်ခံနေရဆဲ ဖြစ်ပါတယ်။