ချယ်ဆီးရဲ့ တိုက်စစ် ပစ်မှတ်သစ်၊ ငြိုငြင်ခံရတဲ့ တူချယ်၊ အာဆင်နယ်ကနေ မထွက်မယ့် အာတီတာနဲ့ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ

ရာသီကုန်ရင် နည်းပြ ဇာဗီ နှုတ်ထွက်မှာ ဖြစ်လို့ အာတီတာ တစ်ယောက် ဘာစီလိုနာ ထံ ပါသွားမှာ ဂန်းနား ပရိသတ်တွေ စိုးရိမ်နေကြပေမယ့် အာတီတာကတော့ အာဆင်နယ်ကနေ ထွက်ခွာဦးမှာ မဟုတ်ဘူးလို့ စကိုင်းစပေါ့က ဖော်ပြလာပါတယ်။

ပိုချက်တီနိုရဲ့ တိုက်စစ်အင်အားကို တိုးမြှင့်ပေးဖို့ ချယ်ဆီးအသင်းဟာ လိုင်လီ တိုက်စစ်သမား ဂျိုနသန် ဒေးဗစ်ကို ပစ်မှတ်ထား ချိန်ရွယ်လာပါတယ်။

နှစ်ညဆက်တိုက် နိုက်ကလပ်သွားခဲ့ပြီး ယူနိုက်တက် ထရိန်နင်ကို ပျက်ကွက်ခဲ့တာကြောင့် တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ်ဟာ သူ့လုပ်ခရဲ့ နှစ်ပတ်စာ – ပေါင် ၆ သိန်းခွဲ ဒဏ်ကြေး ပေးရမယ် လို့ အသင်းဘက်က ပြစ်ဒဏ်ချခဲ့ကြောင်း သိရပါတယ်။

နယူးကာဆယ်အသင်းမှာ ပရိသတ်ရဲ့ အချစ်တော် ဖြစ်တဲ့ ကြယ်ပွင့် ကစားသမား ဘရူနို ဂွီးမားရက်စ်ကို အရ ခေါ်ယူဖို့ ပီအက်စ်ဂျီ အသင်းဘက်က ယုံကြည်ချက် ရှိနေပါတယ်။

အေစီမီလန် အသင်းဟာ အာဆင်နယ် အသင်းရဲ့ ပိုလန်သား နောက်ခံလူ Jakub Kiwior ကို ခေါ်ယူရေး ဆွေးနွေးမှု ပြန်လည် စတင်ထားပါတယ်။

ချယ်ဆီးအသင်းဟာ ဘလက်ဘန်းအသင်းရဲ့ အသက် ၁၉ နှစ်အရွယ် ပလေးမိတ်ကာ ကစားသမားလေး အဒန် ဝှါတန်ကို စိတ်ဝင်စားနေပါတယ်။ ၎င်းကို ပဲလေ့စ်၊ ဘရိုက်တန် တို့ကလည်း ချိန်ရွယ်နေပြီး ဘလက်ဘန်းကတော့ အနည်းဆုံး ပေါင် ၂၅ သန်း ရရင် ရောင်းချဖို့ စဉ်းစားမယ် လို့ သိရပါတယ်။

သောမတ်စ် တူချယ်က သူ နောက်နည်းပြမယ့် အသင်းဟာ ပြည်ပဘက်က ဖြစ်ပြီး စပိန်ကိုလည်း စိတ်ဝင်စားကြောင်း ပြောဆိုခဲ့တာကြောင့် ဘိုင်ယန်မြူးနစ် အကြီးအကဲနဲ့ ကစားသမားဟောင်းတွေကတော့ အမျက်ထွက်နေကြပါတယ်။ တူချယ် က ဘာစီလိုနာ ကို လိုလားကြောင်း အရိပ်အမြွက်ပြခဲ့ဟန်လည်း ရှိပါတယ်။

ယူနိုက်တက် ဂိုးသမားဟောင်း ဒေးဗစ် ဒီဂီယာ ဟာ ဆော်ဒီ ပရိုလိဂ်ကလပ် Al-Shabab အသင်းထံ ပြောင်းရွှေ့ဖို့ ဆွေးနွေး စကားပြောနေပါတယ်။