ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ရင် ချယ်ဆီး မန်နေဂျာသစ် ဖြစ်လာနိုင်သူများ

ချန်ပီယံလိဂ် အောင်မြင်ခဲ့တဲ့ တူချယ်အပြင် အင်္ဂလန်ဘောလုံးသမိုင်းမှာ အရှည်လျားဆုံး စာချုပ်တစ်ခုကို ပိုင်ဆိုင်ခဲ့ပေမယ့် ပေါ်တာကိုပါ ထုတ်ပယ်ခဲ့တဲ့နောက် ချယ်ဆီးနည်းပြ ရာထူးမှာ ၂၄ လပဲ စာချုပ်ရှိတဲ့ ပိုချက်တီနို ထုတ်ပယ်ခံရဖို့ကလည်း အရမ်း မခက်ခဲပါဘူး။

ချယ်ဆီးနည်းပြနေရာအတွက် လက်ရှိမှာ မော်ရင်ညိုကို တိုက်ရိုက် ခေါ်ယူလို့ ရနိုင်ပြီး ချယ်ဆီးပရိသတ်တွေက လူမှုကွန်ယက်တွေကနေ ပေါ်တူဂီသားကို စတမ်းဖိုဒ့်ဘရစ်ချ်ထံ ပြန်လည် ခေါ်ယူဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။

၂၀၁၅ မှာ ချယ်ဆီးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ မော်ရင်ညိုဟာ အဲ့နောက်ပိုင်း ယူနိုက်တက်၊ စပါး၊ ရိုးမားတို့ကနေ အထုတ်ခံခဲ့ရကာ လက်ရှိမှာ ကလပ်လက်မဲ့ ဖြစ်နေတာပါ။

Football London ရဲ့ ဖော်ပြချက်အရ ရေရှည်အတွက် ပိုကောင်းတဲ့ ရွေးချယ်မှုကတော့ ရူဘန် အာမိုရင်းကို ခေါ်ယူဖို့ ဖြစ်ပါတယ်။ အလွန်ဆိုကလည်း ကောင်းမွန်တဲ့ နာမည်တစ်ခုဖြစ်နေပေမယ့် နွေမှာ လီဗာပူးအသင်းထံ ရောက်ရှိမယ်လို့ သတင်းကြီးနေပါတယ်။

ဖီယင်နု နည်းပြ စလော့ကလည်း ဒီနောက်ပိုင်း လူသိများလာတဲ့ နာမည်ဖြစ်ပြီး အသက် ၄၅ နှစ်အရွယ် နယ်သာလန်သားဟာ ပြီးခဲ့တဲ့ နွေတုန်းက စပါးထံ ပြောင်းဖို့ ငြင်းဆန်ပြီး နယ်သာလန်မှာပဲ ဆက်နေခဲ့ပါတယ်။

ချယ်ဆီးအနေနဲ့ ရေတို အစားထိုးဖို့ရာ လမ်းပတ်ကို ပြန်လည် ခေါ်ယူပြီး တယ်ရီနဲ့ တွဲဘက်ပေးလို့လည်း ရနိုင်ပါတယ်။

လက်တလောမှာတော့ အကောင်းဆုံး ရွေးချယ်စရာ မရှိသေးပါဘူး။ အာမိုရင်းရဲ့ လူငယ် ပျိုးထောက်မှုနဲ့ နည်းစနစ်ပိုင်း အရည်အချင်းက စပို့တင်းမှာ ကောင်းမွန်နေပေမယ့် သူက အတွေ့အကြုံတော့ နည်းပါးနေဆဲပါ။

ဒါပေမယ့် ချယ်ဆီးအသင်းဟာ အပြောင်းအလဲကို လိုအပ်နေပြီး လက်ရှိ မဟုတ်ရင်တောင် နွေမှာတော့ ဒါမျိုး ဖြစ်လာဖွယ် ရှိနေပါတယ်။