နာမည်ကြီး ကြယ်ပွင့် အမ်ဘာပေ ကို ရီးရဲလ် မရခင် ကြားဝင်လုဖို့ အာဆင်နယ် စီစဉ်နေ၊ အဓိက စိန်ခေါ်မှုက ၂ ခု ရှိ

အာဆင်နယ်အသင်းဟာ ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေကို ရီးရဲလ်မက်ဒရစ်နဲ့ သဘောတူညီမှု မရခင် ကြားဖြတ် ခေါ်ယူနိုင်ဖို့ ထူးထူးခြားခြား ချိန်ရွယ် လှုပ်ရှားလာပါတယ်။

စိန်ခေါ်မှု အသစ်တွေကို ရယူဖို့အတွက် ဒီနွေမှာပဲ အမ်ဘာပေဟာ ပဲရစ်ကို စွန့်ခွာကာ စပိန်မြို့တော်ထံ ပြောင်းရွှေ့မယ်လို့ သတင်းကြီးနေပါတယ်။ ဒါပေမယ့် တရားဝင် ကြေညာချက်တွေတော့ ထွက်မလာသေးပါဘူး။

လာလီဂါကလပ်က ဇန်နဝါရီမှာတင် အကြို သဘောတူညီမှုကို ရယူလိုပေမယ့်လို့ လုပ်ခပိုင်းနဲ့ အခြားသော စာချုပ်ဆိုင်ရာ ကိစ္စတွေကို သဘောတူညီမှု မယူနိုင်ခဲ့ပါဘူး။

ဗြိတိန်သတင်းဌာန Independent ကတော့ အသက် ၂၅ နှစ်အရွယ် ပြင်သစ်သားရဲ့ အခြေအနေကို အာဆင်နယ်က နီးနီးကပ်ကပ် စောင့်ကြည့်နေပြီး ကြားဖြတ် ခေါ်ယူနိုင်ဖို့ စဉ်းစားနေတယ်လို့ ဖော်ပြလာခဲ့တယ်။

အာဆင်နယ်အသင်းဟာ တိုက်စစ်မှူး လိုအပ်ချက်ရှိနေပြီး ပီအက်စ်ဂျီအတွက် ကစားထားတဲ့ ၂၈၈ ပွဲမှာ ကိုယ်တိုင် ၂၄၁ ဂိုး သွင်းယူကာ ဂိုးထောက်ပံ့မှု ၁၀၅ ကြိမ် လုပ်ထားတဲ့ အမ်ဘာပေက ကောင်းမွန်တဲ့ ရွေးချယ်စရာပါ။

ဒါပေမယ့် အာဆင်နယ် အသင်း အတွက် စိန်ခေါ်မှုတွေက ကစားသမားကို မက်လုံးပေး ဆွဲဆောင်ဖို့အပြင် အမ်ဘာပေကို စာချုပ်ချုပ်နိုင်ဖို့ဟာ ကလပ်ရဲ့ လုပ်ခ ပေးချေမှု စံနှုန်းကို ချိုးဖောက်ကာ စံချိန်တင် ပမာဏမျိုး ပေးချေရဖို့ ရှိနေတဲ့ နှစ်ချက် ပဲလို့လည်း အဆိုပါ သတင်းက ဖော်ပြသွားခဲ့ပါတယ်။

အာဆင်နယ် အနေနဲ့ ထိုအချက်တွေကို ချိုးဖောက်ကာ ဘာပေကို အရ ခေါ်ယူမလား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။